အဖြူရောင်ကတ်အပ်နှံသူတွေကို အစိမ်းရောင်ကတ်တွေ ထုတ်ပေးမည်

White Card ခေါ် ယာယီသက်သေခံ လက်မှတ် ပြန်လည်အပ်နှံခဲ့သူတွေကို နိုင်ငံအတွင်း နေထိုင်ခွင့်ကတ်ပြားသစ်အဖြစ် အစိမ်းရောင်ကတ်တွေ ပြန်လည် ထုတ်ပေးမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ သတင်းထောက်တွေကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ မေလ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် Photo: Myo Thant Khaing/ RFA

White Card ခေါ် ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံခဲ့သူတွေကို နိုင်ငံအတွင်း နေထိုင်ခွင့် ကတ်ပြားသစ်အဖြစ် အစိမ်းရောင်ကတ်တွေ ပြန်လည်ထုတ်ပေးမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ သတင်းထောက်တွေကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပန်းရောင်နိုင်ငံသားကတ် လျှောက်ထားလို့မရခင်မှာ ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေကို အထောက်အထားတစ်ခုအဖြစ် ထုတ်ပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးဦးခင်ရီက ပြောပါတယ်။

"ယာယီသက်သေခံလက်မှတ် အဲ့လူတွေကို ကျနော်တို့က ကတ်ပြားတစ်မျိုးမျိုးပြန်ပေးရမယ်၊ ကျနော်တို့ နောက်ပြန်ပေးမဲ့ကတ်ကလည်း အစိမ်းနုရောင်လေးပါ၊ နိုင်ငံသား စိစစ်ခံရမည့်သူများ ကိုင်တွယ်ရန်လက်မှတ်ဆိုပြီး အဲ့ဒါပြန်ပေးမှာ၊ သ့ိုသော်လည်း ကာလက ၂ လပဲရှိတယ်၊ မတ်လ ကုန်ကနေ မေလကုန်အထိ ဒီကြားထဲမှာကျရင် အခုနက ကတ်ပြားကြီးပေးဖို့ဆိုတာက ဓါတ်ပုံရိုက်ရမယ် ဟိုဟာတွေလုပ်ရမယ် မလွယ်ဘူး၊ အဲ့ဒီတော့ လောလောဆယ် လက်ခံရရှိကြောင်း ပေးထားတယ်"

ယာယီသက်သေခံလက်မှတ်ဟာ နိုင်ငံသားအတိအကျ မရှိသူတွေကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပေးထား တာဖြစ်ပြီး သက်တမ်းကုန်ဆုံးရက် အတိအကျမပါရှိတဲ့အတွက် ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ကြောင်း အစိုးရကကြေညာခဲ့တာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ ယာယီသက်သေခံလက်မှတ် ၇ သိန်းကျော်ရှိပြီး လက်ရှိအချိန်မှာ ၄ သိန်းကျော် ပြန်လည်အပ်နှံ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပ်နှံပြီးသား လူပုဂ္ဂိုလ်တွေကို နိုင်ငံအတွင်း နေထိုင်ခွင့်ကတ် အစိမ်းရောင် ကတ်ပြားတွေပေးအပ်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဝန်ကြီးဦးခင်ရီရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် မပြုံးမို့မို့ဇင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org