မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား

မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦးဟောင်းတွင် ကျင်းပသည့် ရခိုင်ဒေသ အရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ RFA

ကိုလိုနီ အင်္ဂလိပ်အစိုးရ လက်ထက်ကစလို့ ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တွေမှာ ကောက်ယူခဲ့တဲ့ သန်းခေါင်း စာရင်းတွေအရ ရိုဟင်ဂျာလူမျိုးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦးဟောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ရခိုင်ဒေသ အရေးနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ဦးခင်ရီက အခုလို ပြောကြားခဲ့တာပါ။

ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသား လူမျိုးမဟုတ်ဘူးဆိုတာ သမ္မတ ဦးသိန်းစိန်လည်း အခိုင်အမာ ပြောဆိုထားပြီး ဖြစ်တယ်လို့ ဦးခင်ရီက ပြောပါတယ်။ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားခဲ့တဲ့ ၁၈၂၄ ခုနှစ် နောက်ပိုင်း ရခိုင်ဒေသဟာ အင်္ဂလိပ် ကိုလိုနီဘ၀ လက်အောက်ကို ရောက်ရှိသွားပြီး လယ်ယာလုပ်သား လိုအပ်ချက်ကို ဖြည့်တင်းနိုင်ဖို့ တဖက်နိုင်ငံကနေ ဘင်္ဂါလီ လူမျိုးတွေကို ခေါ်ယူခဲ့ရခြင်းသာ ဖြစ်တယ်လို့လည်း ဦးခင်ရီက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ ပြည်ထောင်စု ဝန်ကြီး ငါးဦးတို့ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက- ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးသူ ၇၇ ဦး ရှိကြောင်း၊ ရခိုင်လူမျိုး ၃၁ ဦး၊ ဘင်္ဂါလီလူမျိုး ၄၆ ဦးဖြစ်ကြောင်း၊ လက်ရှိ ဒုက္ခသည်ဦးရေ စုစုပေါင်း ၆ သောင်းကျော် ရှိပြီး ရခိုင် တိုင်းရင်းသား လူမျိုး ၈ ထောင်ကျော်၊နဲ့ ဘင်္ဂါလီလူမျိုး ၅ သောင်းကျော်ရှိကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

အဆိုပါ အရေးအခင်းတွေမှာ ပါဝင်ပတ်သက်မှုအတွက် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) များမှ ဝန်ထမ်း ၁၀ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး တစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း၊ ပဋိပက္ခတွင် ပါဝင် ပတ်သက်၍ ဖမ်းဆီးခံရသော INGO များမှာ UNHCR မှ ငါးဦး၊ AZG မှတစ်ဦးနှင့် WFP မှတစ်ဦးတို့ ဖြစ်ကြောင်း AZG မှဝန်ထမ်းကို ဖမ်းဆီး စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခများတွင် INGO များမှ တချို့ပါဝင်ပတ်သက်မှုများ ရှိခြင်းကြောင့် ဖမ်းဆီးမှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အစိုးရက ယခုသတင်းစာ ရှင်းလင်းပွဲတွင်မှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ပါကစ္စတန် အခြေစိုက် တာလီဘန်အဖွဲ့က မြန်မာနိုင်ငံကို ခြိမ်းခြောက်ခဲ့မှုများ ပြည်ပ မီဒီယာများတွင် ဖော်ပြခဲ့ပြီး ပြည်သူများက စိုးရိမ် ပူပန်မှုများ ရှိနေတာကြောင့် နယ်စပ်နှင့် ပြည်တွင်း လုံခြုံရေးနှင့် ပတ်သက်၍ နယ်စပ်ရေးရာနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မေးမြန်းရာ “လုံခြုံရေး အပြည့်အ၀ ရှိပါတယ်”ဟု ဖြေကြားကြောင်းလည်း သိရပါတယ်။

ဒီနေ့ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီနဲ့ အတူ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org