ကြံခင်း-ပခုက္ကူ ရထားလမ်းသိမ်းမြေ အတွက် လျှော်ကြေးပေးမယ်
ကြံခင်း-ပခုက္ကူ မီးရထားလမ်းဖောက် လုပ်မှုကြောင့် လယ်ယာမြေသိမ်းယူခံရတဲ့ မြို့နယ် ၄မြို့နယ်ကို လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ တပြိုင်တည်း လျော်ကြေးပေးဖို့ စီစဉ်သွားမယ် လို့ ပြောပါတယ်။
-
2016-06-03 -
-
-
ကြံခင်း-ပခုက္ကူ မီးရထားလမ်းဖောက်လုပ်မှုကြောင့် လယ်ယာမြေသိမ်းယူခံရတဲ့ မြို့နယ် ၄မြို့နယ်ကို လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ တပြိုင်တည်း လျော်ကြေးပေးဖို့ စီစဉ်သွားမယ်လို့ ပြောပါတယ်။
ရထားလမ်းစီမံကိန်းကြောင့် မကွေးတိုင်းဒေသကြီး ကံမမြို့နယ်မှာ လယ်ယာမြေဧက ၄၀၀ ကျော် သိမ်းယူခံထားရ တဲ့ တောင်သူတွေအတွက် ဒီဘဏ္ဍာနှစ်အတွင်း လျော်ကြေးပေးဖို့ အစီအစဉ် ရှိ၊ မရှိကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဟန်က ဒီနေ့ လွှတ်တော်မှာ မေးမြန်းရာ ဝန်ကြီး ဦးသန့်စင်မောင် က ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။
"ပထမဆုံး တိုင်းတာတဲ့အဆင့်တောင်မပြီးသေးတော့ ကျနော့်အနေနဲ့ မေလ ဒုတိယပတ်မှာ အတင်း တိုက်တွန်းပြီးတော့ စာရင်းကိုမြန်မြန်ရအောင်လုပ်ပေးဖို့ ဆော်သြခဲ့ပါတယ်၊ အခုတိုင်းတာပြီးတော့ ဖြစ်ပါတယ်၊ တောင်သူလယ်သမားတွေရဲ့ တကယ်ဆုံးရှုံးနစ်နာတဲ့ စာရင်းတွေတိတိကျကျရပြီးတော့ လယ်ယာမြေလျော်ကြေးတွေရခဲ့ရင်တော့ ကျနော်အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကျနော်တောင်းပါ့မယ် တောင်းလို့မရရင်တော့ ရှေ့နှစ်ဘတ်ဂျက်ကျမှပဲ အလျော်ပေးနိုင်ပါမယ်လို့ ကျနော်ဖြေကြားလိုပါတယ်"
လျော်ကြေးပေးဖို့ ကျန်တဲ့မြို့နယ်တွေက ဆင်ပေါင်ဝဲ၊ ကံမ၊ မင်းလှ နဲ့ သရက်မြို့နယ်တွေဖြစ်တယ်လို့ ကံမမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဟန်က ပြောပါတယ်။ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်ကနေ မကွေးတိုင်း ပခုက္ကူမြို့ နယ်ကို ဖောက်လုပ်ထားတဲ့ မီးရထားလမ်းဟာ မိုင်ပေါင်း ၃၀၀ ကျော်ရှည်ပြီး မြို့နယ် ၁၁ မြို့နယ်ကို ဖြတ် သန်းဖောက်လုပ်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီစီမံကိန်းကြောင့် လယ်ယာမြေဆုံးရှုံးသွားတဲ့ ကြံခင်းမြို့နယ်ထဲက တောင်သူ ၂၀၀ ကျော်ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က ဒီနေ့ ငွေကျပ်သိန်း ၅ထောင်ကျော် လျော်ကြေးပေးခဲ့ပါတယ်။
ကြံခင်းမြို့နယ်ထဲက လယ်ယာမြေဧက ၂၇၀ ကျော်အတွက် သီးနှံလျော်ကြေးနဲ့ လယ်မြေလျော်ကြေး ပေါင်းပေး တာဖြစ်တယ်လို့ လျော်ကြေးပေးအပ်ပွဲကို တက်ရောက်ခဲ့တဲ့ ကြံခင်းမြို့နယ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း က ပြောပါတယ်။
"အခုကျနော်တို့ လောလောဆယ်ပေးတာတော့ လယ်သမား ၂၄၅ ဦး၊ လယ်ဧကတော့ ၂၇၃.၃ဝ ဧက၊ အခု ကျနော်တို့က သီးနှံလျော်ကြေးရယ်၊ နောက်တစ်ခုက လယ်မြေဧကလျော်ကြေးရယ်ပါခင်ဗျ"
တစ်ဧကကို ငွေကျပ် ၂၅ သိန်းနှုန်းနဲ့ လျော်ကြေးပေးခဲ့တာဖြစ်ပြီး တောင်သူတချို့ကို ပေးအပ်ဖို့ ကျန်သေးတယ် လို့လည်း ပြောပါတယ်။
အဲ့ဒီမီးရထားလမ်းကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ဖောက်လုပ်တာဖြစ်ပြီး မြေဧက ၄ထောင်ကျော်ကို မြန်မာ့မီးရထား က သိမ်းယူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ မြို့နယ် ၇ မြို့နယ်က တောင်သူ တစ်ထောင်ကျော်ကို ငွေကျပ်သန်းပေါင်း ၃ထောင်နီးပါး လျော်ကြေးပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အစိုးရလက်ထက်က ကြံခင်း-ပခုက္ကူ မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပေမယ့် အရည်အသွေး မပြည့်မီတာကြောင့် ရထားဖြတ်သန်းသွားလာမှု မရှိဘူးလို့လည်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသော်ဇင်ဝင်း က ပြောပါတယ်။