ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပြန်လည်လွတ်မြောက်
အကြည်ညိုပျက်စေမှုနဲ့ တပ်မတော် တရားစွဲဆိုခဲ့သူတွေထဲက ဒါရိုက်တာ မင်းထင် ကိုကိုကြီးဟာ ပြစ်ဒဏ်စေ့လို့ ဒီနေ့ လွတ်မြောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်က ပြဇာတ်ဦးဆောင်သူနှစ်ဦးလည်း အချုပ်ကနေ လွတ်မြောက်ခဲ့ပါပြီ။
-
အောင်သိင်္ခ
2020-02-21 -
-
-
အကြည်ညိုပျက်စေမှုနဲ့ တပ်မတော် တရားစွဲဆိုခဲ့သူတွေထဲက ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ပြစ်ဒဏ်စေ့လို့ ဒီနေ့ လွတ်မြောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်က ပြဇာတ်ဦးဆောင်သူနှစ်ဦးလည်း အချုပ်ကနေ လွတ်မြောက်ခဲ့ပါပြီ။
တပ်မတော်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူမှုကွန်ယက်မှာ ဝေဖန်ရေးသားလို့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ပြစ်ဒဏ်ရက်စေ့လို့ ဒီနေ့ အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့လွတ်မြောက်လာပါတယ်။
ဝေဖန်ရေးသားမိရုံနဲ့ အရေးယူခံရတာလို့ လွတ်မြောက်လာတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။
၂၀၁၉ ဖေဖော်ဝါရီလကနေ မတ်လအထိ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာတွေကြောင့် တပ်မတော်ပြိုကွဲမှာ စိုးရိမ်တဲ့အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒု-ဗိုလ်မှူးကြီး လင်းထွန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုခဲ့တာပါ။
သူဟာ ကျန်းမာရေးမကောင်းလို့ အာမခံ အကြိမ်ကြိမ်တင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာက သူ့ရဲ့ဝေဖန်ချက်ထက်ပိုပြီး ပြင်းထန်တယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မှတ်ချက်ပြုပါတယ်။
ဒီအမှုကို စတင်အမှုဖွင့်စဉ်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ချိုးဖောက်ခံရတာဆိုပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အရပ်ဘက်အဖွဲ့တွေက ကန့်ကွက်ခဲ့သလို အမှုကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုခဲ့ကြတာပါ။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကချင်တော်လှန်ရေးနေ့ပြဇာတ် ဦးဆောင်ခဲ့သူ နှစ်ဦးဟာလည်း ရဲတပ်ဖွဲ့ရဲ့ ၁၅ ရက်ကြာ ထိန်းသိမ်းစစ်ဆေးခံခဲ့ရပြီးနောက် မနေ့ကတော့ လွတ်မြောက်ခဲ့ပါတယ်။
စစ်တပ်ဘက်က အမှုကို မနေ့က ရုပ်သိမ်းလိုက်တာဖြစ်ပြီး ဘာကြောင့် ပုဒ်မ ၁၇(၁) နဲ့တရားစွဲဆိုခဲ့သလဲဆိုတာ အခုထိသေချာမသိဘူးလို့ တရားစွဲခံခဲ့ရတဲ့ သိက္ခာတော်ရ Rev. ဒေါင်လွမ်းက ပြောပါတယ်။
ပြန်လည် လွတ်မြောက်လာသူနှစ်ဦးက သတင်းစာရှင်းလင်းပွဲကို မြစ်ကြီးနားခရိုင် နှစ်ခြင်းအသင်းတော်ရုံးမှာ ဒီကနေ့ ပြုလုပ်ခဲ့တာပါ။
စစ်တပ်ဘက်က စွပ်စွဲခဲ့သလို ပြဇာတ်ကခဲ့တာမဟုတ်ဘဲ ဘာသာရေးအဆောက်အဦးတစ်ခု တည်ဆောက်ဖို့ စတိတ်ရှိုးအစီအစဉ်သာ ပြုလုပ်ခဲ့တယ်လို့ အမှုဖွင့်စွဲဆိုခံရတဲ့ ဆရာတူးထန် က ပြောပါတယ်။
ဆရာနှစ်ဦးကို ဖေဖော်ဝါရီလ ၅ ရက်နေ့က မြစ်ကြီးနားမြို့ ဂျော်ဘွမ် ဆုတောင်း တောင်မှာပြုလုပ်ခဲ့တဲ့ အကြိမ် ၆၀မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA/KIO စတင်ခဲ့တဲ့ သမိုင်းကြောင်းကို သရုပ်ဖော်ပြဇာတ် ကခဲ့တယ်ဆိုပြီး တပ်မတော်က အမှုဖွင့်ခဲ့တယ်လို့ သူတို့လွတ်မြောက်ရေး လှုပ်ရှားခဲ့သူတွေက ပြောပါတယ်။
သူတို့လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် ခရစ်ယာန်ခေါင်းဆောင်တချို့က တပ်နဲ့ နှစ်ကြိမ် သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က ဖမ်းဆီးခံရတာဖြစ်ပြီး မြစ်ကြီးနားမြို့နယ် ရဲစခန်းမှာ ၅ ရက် အကျဉ်းထောင်မှာ ၁၀ ရက်ကြာ ချုပ်ခံရပြီးနောက် လွတ်လာတာပါ။
တပ်မတော်က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တဲ့ တရားစွဲဆိုမှုပေါင်း ၄၅ လအတွင်း အနည်းဆုံး ၄၇ မှု ရှိခဲ့တယ်လို့ ရန်ကုန်မြို့အခြေစိုက် “အသံ” အဖွဲ့က ဇန်နဝါရီလတုန်းကပဲ ထုတ်ပြန်ခဲ့ပါတယ်။ တပ်မတော်က တရားစွဲဆိုတဲ့အမှုတွေထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ပြပြောဆိုသူတွေ၊ တပ်မတော်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်သူတွေ၊ ရခိုင်က စစ်ပွဲတွေအကြောင်း ဝေဖန်ထောက်ပြသူတွေအပါအဝင် လူပေါင်း ၉၆ ယောက်ကို တရားစွဲဆိုခဲ့တာလို့ အသံအဖွဲ့က ထောက်ပြထားပါတယ်။