မင်းတပ်မြို့ကို တစ်လအတွင်း လေကြောင်းကနေ အကြိမ် ရှစ်ဆယ်နီးပါး တိုက်ခိုက်

အဲဒီထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၆ ရက်နေ့ တစ်ရက်တည်းမှာတင် အကြိမ်ရေ ၇ဝ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးနေသည့် အဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ Citizen Photo

ချင်းပြည်နယ် မင်းတပ်မြို့ကို အောက်တိုဘာလအတွင်း စစ်ကောင်စီတပ် လေကြောင်းကနေ ၇၇ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF- Mindat) အဖွဲ့က နိုဝင်ဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၆ ရက်နေ့ တစ်ရက်တည်းမှာတင် အကြိမ်ရေ ၇ဝ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပေါ်က နေအိမ်အလုံး ၃ဝ ကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာလအတွင်း တိုက်ပွဲတွေမှာတော့ CDF မင်းတပ်က တပ်ဖွဲ့ဝင် လေးယောက် အသက်ဆုံးရှုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်းမှာတော့ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အောက်တိုဘာလမှာ ဗုံးကြဲတိုက်ခိုက်မှု ပိုများလာတာလည်းဖြစ်ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတော့ ချင်းပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၈ ဦး သေဆုံးပြီး ၂၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ကောင်စီတပ်က ချင်းပြည်နယ်ထဲမှာ လေကြောင်းကနေ ၅၁၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၁,၂၃၉) လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၁၀၈ ဦးထဲမှာ ကလေး ၂၉ ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၂၃၁ ဦးထဲမှာ ကလေး ၂၁ ဦး ပါ၀င်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org