ပယောဂကင်းတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်း
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အဖျက်အမှောင့်ပယောဂကင်းတဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်အောင် သက်ဆိုင်ရာနယ်ပယ်၊ ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
-
2020-08-19 -
-
-
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အဖျက်အမှောင့်ပယောဂကင်းတဲ့ ရွေးကောက်ပွဲဖြစ်မြောက်အောင် လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်အောင် သက်ဆိုင်ရာနယ်ပယ်၊ ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။
ဒီနေ့ သြဂုတ် ၁၉ ရက်နေ့က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ၂၁ ရာစု ပင်လုံ စတုတ္ထကြိမ်မြောက်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ပြည်သူ့ဆန္ဒနဲ့အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်မယ့်အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်ကောင်းတွေ ရွေးချယ်နိုင်ဖို့၊ အဲဒီကတစ်ဆင့် အရည်အချင်းရှိတဲ့ အစိုးရကောင်းတစ်ရပ်ဖြစ်ပေါ်လာဖို့ အားလုံးမှာ တာဝန်ရှိပြီး ရွေးကောက်ပွဲဖြစ်မြောက်ဖို့ အာရုံစိုက်ကြသလို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ လူထုတရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့လည်း ဥပဒေပြုရေးကိစ္စတွေမှာ တိုင်းရင်းသားတွေ အခုထက်ပိုပြီး ကိုယ်စားပြုပါဝင်လိုကြတယ်ဆိုရင်၊ အခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုတဲ့စနစ် ဖြစ်ချင်ရင် ရွေးကောက်ပွဲပုံစံစနစ်ကို အခုကျင့်သုံးနေတဲ့ ပုံစံနဲ့ အချိုးကျကိုယ်စားပြုတဲ့စနစ် PR ကို နှိုင်းယှဉ်စဉ်းစားသင့်ကြောင်းလည်း ပြောခဲ့ပါတယ်။
လက်ရှိရွေးကောက်ပွဲစနစ်ဟာ မဲအများဆုံးရရှိသူ အနိုင်ရတဲ့ စနစ်ဖြစ်ပြီး PR စနစ်ကတော့ ရရှိတဲ့ ထောက်ခံမဲအချိုးကျအပေါ် မူတည်ကာ ကိုယ်စားလှယ်ရရှိတဲ့စနစ်ဖြစ်ပါတယ်။ အဲဒီစနစ်ကို ၂၀၁၀ အထွေထွေရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ထဲမှာ တင်သွင်းခဲ့ဖူးပြီး အဲဒီအချိန်က NLD အပြင် တိုင်းရင်းသားပါတီအတော်များများ ကန့်ကွက်ခဲ့ကြပါတယ်။