ဥပဒေနဲ့အညီ သမ္မတတာဝန်လွှဲယူတာလို့ စစ်ကောင်စီတုံ့ပြန်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတတာဝန် လွှဲပြောင်းရယူတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၂၃ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
-
RFA Burmese
2024-07-23 -
-
-
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယာယီသမ္မတတာဝန် လွှဲပြောင်းရယူတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆောင်ရွက်ခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၂၃ ရက် ဒီနေ့ ပြောဆိုလိုက်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတပြန်ခန့်တာဟာ အရှက်မဲ့တဲ့လုပ်ရပ်၊ ဥပဒေနဲ့မညီတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခံနေရချိန်မှာ စစ်ကောင်စီဘက်သတင်းမီဒီယာတွေကနေတစ်ဆင့် အခုလိုတုံ့ပြန်ပြောဆိုတာဖြစ်ပါတယ်။
"အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ပုဒ်မ ၄၁၂ ခ ပါတဲ့ အခြေခံဥပဒေရဲ့ သဘောတရားများအရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆုံးဖြတ်ပေးရတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဦးဆောင်ဖို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၉ အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတကိုယ်စား ကျင့်သုံးဆောင်ရွက်လျက်ရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သာ ဖြစ်ပါတယ်" လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ စစ်ကောင်စီပြောသလို ပြဌာန်းချက်တွေမပါဘူးလို့ဝေဖန်ပါတယ်။
"မင်းအောင်လှိုင်က ယာယီသမ္မတရာထူး လွှဲပြောင်းရယူတဲ့ကိစ္စက အထွေအထူးတော့ မရှိတော့ဘူး၊ ကျွန်တော်တို့က ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ်လည်း မပြုဘူး၊ ဖျက်သိမ်းပြီးသား ဖြစ်တယ်၊ အခုက စစ်ကောင်စီက သူတို့ရေးတဲ့အခြေခံဥပဒေကိုတောင်မှ လေးစားလိုက်နာမှုမရှိဘူးဆိုတာ ပိုပြီးထင်ရှားသွားတယ်၊ အခုသူတို့ လုပ်ချင်တာကို လုပ်နေတယ်၊ ၂၀၀၈ ဒီအထဲမှာ ဒီလိုပြဌာန်းချက်တွေလည်း မပါဘူး"
အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ NLD အစိုးရလက်ထက် ဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ကို ဆက်လက်ခန့်ထားခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့ တာဝန်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ ကျန်းမာရေးအရ အနားယူသွားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေကလည်း ကျန်းမာရေးမကောင်းတဲ့အပြင် နေ့စဉ်တာဝန်တွေကို လှုပ်ရှားဆောင်ရွက်နိုင်တာမရှိတာကြောင့် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေရကြောင်း စစ်ကောင်စီက ဇူလိုင် ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီး တစ်ပတ်မပြည့်ခင် ဇူလိုင်လ ၂၂ ရက်နေ့မှာပဲ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယာယီသမ္မတတာဝန်တွေ လွှဲအပ်ကြောင်း ထုတ်ပြန်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးချိန်ကနေ ဦးမြင့်ဆွေကို ယာယီသမ္မတရာထူးပေးပြီး အရေးပေါ်ကာလသက်တမ်းကို ခြောက်လတစ်ကြိမ်တိုးခဲ့ရာမှာ ငါးကြိမ်ရှိခဲ့ပြီး ဇူလိုင်လကုန်မှာ စစ်ကောင်စီဟာ အရေးပေါ်ကာလ သက်တမ်းပြည့်မှာလည်း ဖြစ်ပါတယ်။