မြန်မာစစ်တပ် လက်နက်ဝယ်ဖို့ ကူညီခဲ့တာ မရှိကြောင်း ထိုင်းဘဏ်တွေ ငြင်းဆို
ထိုင်းဘဏ်တွေဟာ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ရာမှာ အသုံးပြုတဲ့ လက်နက်ပစ္စည်းဝယ်ယူမှုတွေအတွက် ငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုတွေကို တားမြစ်ထားတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
-
RFA Burmese
2024-06-28 -
-
-
မြန်မာစစ်ကောင်စီ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးမှာ လွယ်ကူချောမွေ့အောင် ထိုင်းဘဏ်တချို့က ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာပါ ဖော်ပြချက်ကို ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းက ကြေညာချက်ထုတ်ပြီး ငြင်းဆိုလိုက်ပါတယ်။
ထိုင်းဘဏ်တွေဟာ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်ရာမှာ အသုံးပြုတဲ့ လက်နက်ပစ္စည်းဝယ်ယူမှုတွေအတွက် ငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုတွေကို တားမြစ်ထားတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ မြန်မာစစ်ကောင်စီဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရေးမှာ နိုင်ငံတကာ ဘဏ် ၁၆ ခုကို သုံးပြီး ငွေအလွှဲအပြောင်းလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဘဏ်တွေထဲမှာ ထိုင်းဘဏ် ငါးခု ပါဝင်ပြီး Siam Commercial Bank (SCB)၊ Bangkok Bank၊ Kasikornbank၊ Krungthai Bank နဲ့ TMB Thanachart Bank တို့ ပါဝင်ပါတယ်။ အဲဒီထဲမှာ Siam Commercial Bank ကို အများဆုံး သုံးထားပြီး ၂ဝ၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ငါးသန်း ကနေ အခုနှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ အထိ မြင့်တက်လာတယ်လို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အစီရင်ခံစာက ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး SCB ဘဏ်ကလည်း သူတို့အနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ပြန်လည်စစ်ဆေးခဲ့ပြီး အဲဒီထဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မမှန်မကန်တဲ့ ငွေလွှဲပြောင်းမှုတွေ မရှိကြောင်း ဇွန်လ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံက ဘဏ်နဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘဏ္ဍာရေးဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြောင်းနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဇွန် ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအရ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်မှာ ထိုင်းကနေ စစ်ကောင်စီဆီ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတင်ပို့တဲ့ ပမာဏက နှစ်ဆတိုးလာပြီး ဒေါ်လာ သန်း ၁၂၀ ဖိုးရှိတယ်လို့ ဆိုပါတယ်။