အင်အားလိုအပ်လို့ စစ်မှုထမ်းစနစ်ဖော်ဆောင်တာဖြစ်ကြောင်း စစ်ကောင်စီ ပြော

ကာကွယ်ရေးအင်အား လိုအပ်လာတဲ့အတွက် ပြည်သူ့စစ်မှုထမ်းစနစ် ဖော်ဆောင်တာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၂ ရက်မှာ စစ်ကောင်စီပိုင် မီဒီယာတွေက ပြောလိုက်ပါတယ်။

နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့အခမ်းအနား၌ စစ်ရေးပြနေသည့် စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်။ STR / AFP

ကာကွယ်ရေးအင်အား လိုအပ်လာတဲ့အတွက် ပြည်သူ့စစ်မှုထမ်းစနစ် ဖော်ဆောင်တာလို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီပိုင် မီဒီယာတွေက ပြောလိုက်ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ နိုင်ငံတွေမှာ နည်းပညာမြင့် လက်နက်၊ စစ်သုံးကိရိယာတွေ ကိုင်တွယ်နိုင်တဲ့ တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အကန့်အသတ်နဲ့သာ ရှိနေတဲ့အတွက် နိုင်ငံကို ကာကွယ်ဖို့ နိုင်ငံ့စွမ်းအားစုအားလုံး ပါဝင်ဖို့ လိုအပ်လာတဲ့ အခြေအနေဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နောက်ပြီး ကိုယ့်အင်အားကို လေးစားခန့်ညားလာစေဖို့ စီးပွားရေးနဲ့ ကာကွယ်ရေး စွမ်းအား မျှတပြီး ခြိုးခြံချွေတာနိုင်ဖို့ ပြည်သူတွေ ပါဝင်တည်ဆောက်ဖို့ လိုတယ်လို့ စစ်ကောင်စီ ပြောခွင့်ရက ဆိုပါတယ်။

ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းစနစ် အသက်သွင်းတာဟာ လူငယ်လူရွယ်တွေက စစ်ကောင်စီကို ပိုဆန့်ကျင်လာစေမယ်လို့ RFA ကို ပြောပါတယ်။

"စစ်မှုထမ်းရတာချင်းအတူတူ စစ်အာဏာရှင်စနစ် ကျရှုံးဖို့အတွက်ပဲ တိုက်ပွဲဝင်ကြမှာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် မြို့ပေါ်မှာ ရှိနေသူတွေကို သူတို့ပဲ တောထဲရောက်အောင် တွန်းပို့သလို ဖြစ်သွားတာပေါ့"

စစ်ကောင်စီကတော့ ခန့်ညားတဲ့ ကာကွယ်ရေးစွမ်းအား ရရှိဖို့၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ်ကို ကာကွယ်ဖို့၊ နိုင်ငံတည်ငြိမ်အေးချမ်းအောင် တည်ဆောက်ဖို့၊ စစ်ဘုရင်ဝါဒ တိုက်ဖျက်ဖို့ စတာတွေအတွက် ပြည်သူတွေ အားပေးထောက်ခံဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းပြီး သုံနှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်ပြဋ္ဌာန်းလိုက်ပြီး လိုအပ်တဲ့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ထပ်ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org