စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိစ္စ ထိုင်း ဆွေးနွေးပွဲမှာ ပါဝင်နိုင်

ထိုင်းနိုင်ငံက ဆွေးနွေးပွဲမှာ တိုက်ပွဲပြင်းထန်နေတဲ့ ကာလအတွင်း စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးဖြစ်နိုင်ပါတယ်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ပြုလုပ်ခဲ့သည့် ၅၇ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး တက်ရောက်လာသူများအား တွေ့ရစဉ်။ Nhac NGUYEN / AFP

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မဲ့ ထိုင်းနိုင်ငံက ဒီဇင်ဘာလ ၁၉ ရက် ဒီနေ့ ဆွေးနွေးပွဲမှာ တိုက်ပွဲပြင်းထန်နေတဲ့ ကာလအတွင်း စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲအကြောင်း ဆွေးနွေးဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း The Straits Time သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိကွန်ဒဲ ဘာလင်ကူ (Nikorndej Balankura) ကတော့ ဒီအစည်းအဝေးဟာ နယ်စပ်လုံခြုံရေးနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာတွေကို အလွတ်သဘော ဆွေးနွေးတာဖြစ်တယ်လို့ ပြောထားပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ဖြန်မှာတော့ အာဆီယံအဖွဲ့ဝင်တွေ တွေ့ဆုံပြီး မြန်မာ့နိုင်ငံ ငြိမ်းချမ်းရေးအတွက် အဖွဲ့ဝင်တွေရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို ဆွေးနွေးမှာဖြစ်တယ်လို့ နိကွန်ဒဲ ဘာလင်ကူက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဒေသဆိုင်ရာ အစည်းအဝေးနှစ်ခုကို ကျင်းပနေတာပါ။ အစည်းအဝေးတစ်ခုမှာတော့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အပါအဝင် မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေ ပါဝင်မှာဖြစ်ပြီး နောက်ထပ်အစည်းအဝေးတစ်ခုမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပါဝင်မှာဖြစ်ပါတယ်။

၂၀၂၅ မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် (Anwar Ibrahim) ကတော့ ထိုင်းနိုင်ငံရဲ့ အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) အာဆီယံဆိုင်ရာ အကြံပေးအနေနဲ့ ခန့်အပ်ခဲ့ပါတယ်။

သက်ဆင်ဟာ အရင်က မြန်မာပဋိပက္ခတွေမှာ ကြားဝင်စေ့စပ်ရေး တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org