ကွယ်လွန်သွားပြီဖြစ်တဲ့ NLD အမတ်အိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ကွယ်လွန်သွားပြီဖြစ်တဲ့ ပဲခူးတိုင်း ပြည်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ရဲ့ နေအိမ်ကို မတ်လ ၂၉ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း ပြည်မြို့နယ် NLD ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်နှင့် ချိပ်ပိတ်ခံရသည့် နေအိမ်ကို တွေ့ရစဉ် ဓာတ်ပုံ-ပြည်သစ္စာ

လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ကွယ်လွန်သွားပြီဖြစ်တဲ့ ပဲခူးတိုင်း ပြည်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်ရဲ့ နေအိမ်ကို မတ်လ ၂၉ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ နဲ့ ဖိနှိပ်နေတာလို့ ပြည်မြို့ NLD တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် နောက်တစ်ဦးဖြစ်တဲ့ ဦးကျော်ဇေယျက RFA ကို ပြောပါတယ်။

“ဦးသက်ဝင်းလှိုင်က ၂၀၂၁ မေလ ၃ ရက်နေ့ကတည်းက ကွယ်လွန်သွားပြီဖြစ်လို့ ဒီနောက်ပိုင်းမှာ နိုင်ငံရေး၊ စစ်ရေးတွေမှာ ပါဝင်ဆောင်ရွက်နေတာ မရှိဘူး။ ကျန်ခဲ့တဲ့ မှီခိုသူမိသားစု ဒုက္ခရောက်အောင် လုပ်တာက ပြည်သူကို အကြောက်တရားသွင်းဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်တယ်”

ဦးသက်ဝင်းလှိုင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၃ ရက်က ပြည်မြို့နယ်ထဲက ရွာတစ်ရွာမှာ တိမ်းရှောင်နေစဉ် လက်လုပ်မိုင်းပေါက်ကွဲလို့ CDM ရဲ သုံးဦး၊ တိမ်းရှောင်နေတဲ့နေရာက ခြံပိုင်ရှင်တစ်ဦးတို့နဲ့အတူ ကွယ်လွန်ခဲ့ရပါတယ်။

ပြည်မြို့ တီတွတ်စံပြရွာက သူ့ရဲ့နေအိမ် ခုလို ချိပ်ပိတ်ခံလိုက်ရလို့ ကျန်ရစ်ခဲ့တဲ့ သူ့ဇနီးနဲ့ ကလေးနှစ်ယောက်ဟာ အိမ်ငှားနေကြရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဦးသက်ဝင်းလှိုင်ဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲနှစ်ဆက် အနိုင်ရခဲ့သူဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူဖြစ်လို့ စစ်ကောင်စီက သူ့ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် NLD လွှတ်တော်ကိုယ်စားလှယ် ၉၃ ဦး အပါအဝင် စုစုပေါင်း ပါတီ ဝင် ၁၅၅ ဦးရဲ့ နေအိမ်နဲ့ အခြားပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံခဲ့ရသလို ပါတီဝင် မဟုတ်တဲ့ ပြည်သူတွေရဲ့အိမ် ချိပ်ပိတ်ခံရမှုက လည်း ၁၁၅ ကြိမ် ရှိပြီလို့ NLD ပါတီရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org