ကိုးကန့်တိုက်ပွဲမှာ စစ်ကောင်စီတပ်ခွဲမှူး အပါအဝင် သေဆုံးမှုများကြောင်း MNDAA ပြော
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့နယ် နမ့်ဖာတောင်အနီးတစ်ဝိုက်မှာ နိုဝင်ဘာလ ၂၇ ရက် နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့အကြား သုံးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒဏ်ရာရပြီး တပ်ခွဲမှူးနှစ်ဦး အပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့က နိုဝင်ဘာလ ၃၀ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2022-12-01 -

စစ်ကောင်စီတပ်နဲ့ ကိုးကန့်ဒေသအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်း အင်အား ၅၀၀ ကျော်ဟာ MNDAA တပ်ဖွဲ့တွေတပ်စွဲထားတဲ့ နမ့်ဖာတောင် ခံတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေက နေရာနှစ်ခုကနေ ကိုးတပ်ဖွဲ့ ခံတပ်အနီးထိ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကိုးကန့်တပ်ဖွဲ့ဘက်ကလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်ရှေ့ပြေးတပ်ဖွဲ့တွေ စခန်းချထားတဲ့ နေရာအချို့ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေး သလို တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေး ပါဘူး။
စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ ဦးခွန်သိန်းမောင်ကတော့ တိုက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေကို လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကသာ ပြန်လည်ဖြေကြားနိုင်မှာဖြစ်တယ် လို့ ပြောပါတယ်။
နိုဝင်ဘာလ ၃၀ ရက် မနေ့နေ့လယ်ပိုင်းအထိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့ကြား စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး မြို့ပေါ်တွေမှာပါ အရင်လို တိုက်ပွဲကြီးတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ချင်းရွှေဟော်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။