လက်နက်စည်းကမ်း ချိုးဖောက်တဲ့ ရဲတွေကို အရေးယူဖို့ လူ့အခွင့် အရေးကော်မရှင် အကြံပြု
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နှိမ်နင်းရေးလက်နက်တွေကို စနစ်တကျ ကိုင်တွယ်အသုံးပြုခဲ့ခြင်း မရှိတာကြောင့် နှစ်ဖက် ထိခိုက်မှု များခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2015-01-14 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နှိမ်နင်းရေးလက်နက်တွေကို စနစ်တကျ ကိုင်တွယ်အသုံးပြုခဲ့ခြင်း မရှိတာကြောင့် နှစ်ဖက်ထိခိုက် မှု များခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေးကော်မရှင်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။
လုံခြုံရေးစီမံချက်မှာပါတဲ့ ညွှန်ကြားချက်တွေကို စနစ် တကျ လိုက်နာခြင်းမရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖော်ထုတ် အရေးယူရမှာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ်မှာ သွားရောက်စုံစမ်းစစ်ဆေးခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ပြောပါတယ်။
"လူစုခွဲဖို့အဆင့်လိုက် ၇ ဆင့်လိုက် သုံးရမယ်လေ၊ အဆင့်အလိုက် အကွာအဝေးအလိုက် အဝေးက လာရင် ဘယ်လက်နက်နဲ့ ပစ်ရမယ်၊ နီးလာရင် ဘယ်လက်နက်နဲ့ ပစ်ရမယ်ဆိုပြီး အပိုင်းအလိုက် သူတို့ သုံးစွဲမှုမရှိဘဲနဲ့ လက်နက်တွေအားလုံး တစ်ပြိုင်နက် အရေးပေါ်သုံးစွဲလိုက်တာတွေ့ရတယ်၊ နောက်ကွပ်ကဲမှု အဖွဲ့ကလည်း လုံခြုံရေးစီမံချက်ပါတဲ့ ပစ္စည်းအသုံးအဆောင်တွေကို အဆင့်အလိုက်ဆောင်ရွက်နိုင်ခဲ့မှု မရှိတာ ကိုတွေ့ရတယ်၊ ကွပ်ကဲမှုအဖွဲ့က တာဝန်ရှိတဲ့လူကို ဖော်ထုတ်ပေါ့"
လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို အဓိကရုဏ်းတွေမှာ လူစုခွဲဖို့အတွက် လိုအပ်တဲ့ လက်နက်ပစ္စည်းတွေ ပြည့်စုံစွာ ထုတ်ပေးထားနိုင်ခြင်းမရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် တောင်သူ ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး သေမှုသေခင်းနဲ့ ဆက်လက်အရေးယူ ဆောင်ရွက်သင့်ကြောင်းလည်း ဖော်ပြထားပါတယ်။
ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး လိပ်ခွံတောင်ခြေမှာ ဝမ်ပေါင်ကုမ္ပဏီ က လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ခြံစည်းရိုးဝင်ခတ်ရာ တားမြစ်ခဲ့တဲ့ ဒေသခံလယ်သမားတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပွားပြီး တောင်သူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်ပါတယ်။
အဲဒီပဋိပက္ခမှာ ဒေသခံ ၁၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်ကို RFA သတင်းထောက် မဝေယံမိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
လက်ပံတောင်းပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ကြေညာချက်အပေါ် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို လည်း နားဆင်နိုင်ပါတယ်။