မိတ္ထီလာ NLD တိုင်းကိုယ်စားလှယ်ကို ၁၇ (၁) နဲ့ အမှုထပ်ဖွင့်
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမှတ် (၁) တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးလွင်မောင်မောင်ဟာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာထဲ ပါဝင်ပေမယ့် အဲဒီနေ့မှာပဲ ပြန်ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ထပ်မံ တရားစွဲဆိုခံထားရပါတယ်။
- 2021-10-28
-

အောက်တိုဘာလ ၁၈ ရက်မှာ စစ်ကောင်စီက အာဏာသိမ်းဆန့်ကျင်မှုမှာ ပါဝင်သူ အချို့ကို လွတ်ငြိမ်း သက်သာနဲ့ ပြန်လွှတ်ပေးခဲ့တဲ့အထဲ ဦးလွင်မောင်မောင် ပါဝင်ခဲ့ပေမယ့် မိတ္ထီလာ အကျဉ်းထောင်ကနေ မိတ္ထီလာရဲစခန်းကို တန်းခေါ်သွားပြီး အမှုထပ်စွဲထားတာ ဖြစ်ပါတယ်။
“အမှတ် (၃) ရဲစခန်း စခန်းမှူးက တရားလိုလုပ်တယ်၊ အောက်တိုဘာ ၇ ရက်နေ့ကတည်းက စွဲထား တာတဲ့၊ နိုဝင်ဘာ ၂ ရက်နေ့မှာ ရုံးတင်မယ်ပြောတယ်၊ အဖမ်းခံရကတည်းက ထောင်ထဲမှာ နေနေရတာကို ဘယ်လိုလုပ် ဒီပုဒ်မနဲ့ စွဲလို့ရတာလဲ၊ ထောင်ထဲမှာ ဘာမှလည်း လုပ်လို့မရဘူး၊ အခုလိုတော့ မစွဲဆို သင့်ဘူး” လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
ဦးလွင်မောင်မောင်ဟာ စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးတာ ခံရပြီးနောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆို ခံရကာ မေလ ၁၂ ရက်နေ့မှာတော့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ ရတာပါ။
စစ်ကောင်စီဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ အကျဉ်းသားတွေအပါအဝင် အမှုရင်ဆိုင် နေရသူ ၅,၆၃၆ ဦးကို လွတ်ပေးမယ်လို့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် အောက်တိုဘာ ၂၅ ရက်နေ့အထိ ၄,၀၆၅ ဦးသာ လွတ်မြောက် လာခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။