စာချုပ်နဲ့ ကတိပြုရင် မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်းမယ်လို့ ပြော
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာပိုင်ဆိုင်မှုအတွက် သပိတ်စခန်းဖွင့် တောင်း ဆိုနေသူတွေက အချိန်တစ်ခုအတွင်း ဒီမြေနေရာကိစ္စ ကို ဖြေရှင်းပေးမယ်လို့ စာချုပ်ချုပ်ဆိုပြီး ကတိပေးမယ်ဆိုရင် မိကျောင်းကန် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြော ပါတယ်။
-
2013-12-10 -
-
-
Your browser doesn’t support HTML5 audio
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ မြေနေရာပိုင်ဆိုင်မှု အတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေသူတွေက အချိန်တစ်ခုအတွင်း ဒီမြေနေရာကိစ္စကို ဖြေရှင်းပေးမယ် လို့ စာချုပ်ချုပ်ဆိုပြီး ကတိပေးမယ်ဆိုရင် မိကျောင်းကန် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြောပါတယ်။
မိကျောင်းကန် အပိုင်း ၁ ၊ ၂၊ ၃ မြေနေရာအရေးအတွက် ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ဦးအောင်သိန်လင်း နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ဖြေ ရှင်းပေးနေပေမယ့် အောင်မြင်မှုမရှိသေးပါဘူး။
ဆန္ဒပြသူတွေအနေနဲ့ သူတို့ဖက်က တိကျတဲ့အဖြေတစ်ခုကိုရရှိမှသာ ဒီသပိတ်စခန်းကို ရုပ်သိမ်းမှာဖြစ်တယ်လို့ သပိတ်စခန်းဖွင့် ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ကိုအောင်မျိုးဝင်းက RFA ကိုပြောပါတယ်။
“ကြားချပေးမယ့် အဖွဲ့တွေပေ့ါနော်၊ အဲအဖွဲ့တွေနဲ့လည်း ကျနော်တို့ကနေပြီးတော့ ကျနော်တို့ရဲ့ ဘယ်လိုဖြစ်နိုင်သလဲဆိုတဲ့ ကော်မတီကို ဆွေးနွေးခိုင်းတယ်၊ ဆွေးနွေးပြီးတော့ ကျနော်တို့တွေက ထုတ်ပြန်တဲ့အဖြေကို သူတို့ဆီကတောင်းပါတယ်၊ ကျနော်တို့ကလေ သူတို့ဆီက စုံစမ်းနေပါပြီ ဘယ်အထိကို စုံစမ်းပေးပါမယ်ဆိုတဲ့ အတိုင်းအတာပေ့ါနော်၊ အဲလိုအတိုင်းအတာရမှ ကျနော်တို့က ရုပ်သိမ်းပေးမှာပါ”
အရှေ့တောင်အာရှ အားကစားပွဲတော် ကျင်းပနေတဲ့ကာလ ဖြစ်တာကြောင့် မိကျောင်းကန်သပိတ်စခန်းကို ယာယီရုတ်သိမ်းပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက မေတ္တာရပ်ခံထားသလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တပ်မြို့ စည်ပင်သာယာရေးအဖွဲ့က သပိတ်စခန်းကို ဒီဇင်ဘာလ ၉ ရက်နေ့ညနေ နောက်ဆုံးထား ရုတ်သိမ်းပေးဖို့ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း သပိတ်စခန်းဖွင့် ဆန္ဒပြသူတွေနဲ့ သပိတ်စခန်းအနီး မြစာရံအေးစေတီကို ခြံဝင်း ခတ်ဖို့ကြိုးစားသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေထဲက အမျိုးသမီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
သပိတ်စခန်း ဆန္ဒပြနေသူ မနေနွယ်သန်းကို RFA သတင်းထောက် မခင်ပြည့်စုံက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မတီအဖွဲ့ဝင် ဦးအောင်သိန်လင်းကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။