တပ်သိမ်းမြေပြန်ရဖို့ ရန်ကုန်မြို့လယ်မှာ သပိတ်စခန်းဖွင့်လှစ် တောင်းဆို
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁-၂-၃ က ပြည်သူတွေဟာ ရပ်ကွက်လိုက်အသိမ်းခံထားရတဲ့ သူတို့ရဲ့ဘိုးဘွားပိုင်မြေနေရာပြန်ရဖို့မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနားမှာ ဒီနေ့မနက်ကစပြီး သပိတ်စခန်း ဖွင့်တောင်းဆိုနေကြပါတယ်။
-
2013-10-02 -
-
-
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁-၂-၃ က ပြည်သူတွေဟာ ရပ်ကွက်လိုက်အသိမ်းခံထားရတဲ့ သူတို့ရဲ့ဘိုးဘွားပိုင်မြေနေရာပြန်ရဖို့မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနားမှာ ဒီနေ့မနက်ကစပြီး သပိတ်စခန်း ဖွင့်တောင်းဆိုနေကြပါတယ်။
ဒီမြေတွေပြန်ပေးဖို့ ၇ ကြိမ် တောင်းဆိုခဲ့ပေမဲ့ သက်ဆိုင်ရာက မလိုက်လျောတဲ့အတွက် အခုလို သပိတ်စခန်းဖွင့်တာဖြစ်တဲ့အကြောင်းနဲ့ ရဲအရာရှိတချို့လာတားတဲ့အကြောင်း ဆန္ဒပြပွဲဦးဆောင်သူ ဦးစိန်သန်းရဲ့သမီး မနေနွယ်သန်းက RFA ကိုပြောပါတယ်။
“အာဏာပိုင်တွေဘက်ကနေ တစုံတရာအကြောင်းပြန်မှု မရှိတဲ့အတွက် ကျမတို့ဘက်ကနေ ဒီသပိတ်စခန်းဖွင့်လိုက်ရတာပါ၊ ပိုဆိုးသွားတာတော့ ကျမတို့ဘိုးဘွားပိုင်မြေတွေကို ဘုရားက အစကဖူးခွင့်ပေးထားတယ်၊ အခုကျတော့ ဘုရားကိုပါ ခြံစည်းရိုးခတ်ပြီးတော့ တပ်ပိုင်မြေဆိုပြီးတော့ ဘုရားမြေကိုပါလုပ်လိုက်တယ်၊ တရပ်ကွက်လုံးကို တပ်မတော်ပိုင်မြေကနေ တပ်စည်ပင်ပိုင်မြေဆိုပြီး ထပ်ပြောင်းလိုက်တဲ့အတွက် သပိတ်စခန်းဖွင့်ပြီး တောင်းဆိုရတာဖြစ်ပါတယ်၊ အခုကျမတို့တောင်းနေတာက အပိုင်း ၁၊ ၂၊ ၃ ပေါ့နော်၊ ၁ ရယ် ၂ ရယ်မှာ ဗိုလ်မှူးတချို့က စိုက်ခင်းတွေဌားစားထားတယ်၊ ၃ အပိုင်းက ခရိုနီတချို့က ကွန်ဒိုတွေဆောက်ပေးနေတာတော့ ရှိတယ်၊ ကျောက်တံတားရဲစခန်းက ရဲတွေကမနက်ကလာတားတယ်၊ အခုသင်္ဃန်ကျွန်းမြို့နယ် ရဲစခန်းမှူးက အခုလာတားနေတယ်”
ဒီနေ့ဆန္ဒပြပွဲမှာ မိချောင်းကန်ပြည်သူတွေ ရာနဲ့ချီပါဝင်ပါတယ်။ ညနေပိုင်းမှာတော့ ဆန္ဒပြပြည်သူတွေထဲက ကိုယ်စားလှယ် ၁၀ ဦးကို သက်ဆိုင်ရာက မြို့တော်စည်ပင်သာယာရေးကော်မတီရုံး ကိုခေါ်သွားပြီး ဆွေးနွေးညှိနှိုင်းတဲ့အခါ၊ မြေပိုင်ဆိုင်ကြောင်း အထောက်အထားဂရန်ပြဖို့ ပြောတယ်လို့ သိရပါတယ်။ အရင်အစိုးရအဆက်ဆက်ကာလမှာ ဂရမ်ပြန်လျှောက်ရင် အတော့်ကိုခက်ခဲတဲ့အတွက် မိချောင်းကန်ရပ်ကွက်သားတွေမှာ ဂရမ်ပြနိုင်ဖို့မလွယ်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် သူတို့မြေပြန်မရမချင်း ဆန္ဒပြမယ်လို့ဆိုပါတယ်။
သူတို့ရပ်ကွက်ကို ၁၉၉၀ ခုနှစ်မှာ စစ်တပ်က သိမ်းထားတာဖြစ်ပြီး၊ တချို့ဒေသခံတွေကို လှိုင်သာယာမှာ မြေနေရာတွေရောင်းချပေးခဲ့ပြီး တချို့ဒေသခံတွေကိုတော့ ပဲခူးရိုးမအစပ် ကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပါတယ်။
အခုလိုတောင်းဆိုဆန္ဒပြမှုတွေကြောင့် အရင်ကဆန္ဒပြပွဲတွေကိုခေါင်းဆောင်တဲ့ ဦးစိန်သန်းနဲ့ ကိုကျော်လွင်တို့ကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုနဲ့ အာဏာပိုင်တွေကတရားစွဲခဲ့သလို၊ သူတို့ကိုကူညီတဲ့ ကိုထင်ကျော်ကိုလည်း ဖမ်းဆီးအရေးယူထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ မြေအသုံးချမူစီမံခန့်ခွဲရေးကော်မတီ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ်က သင်္ကန်းကျွန်းမိကျောင်းကန်ရပ်ကွက်တွေမှာ သိမ်းထားတဲ့မြေတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာန တွေက ဆက်လက်အသုံးပြုဖို့ အထောက်အထားအခိုင်အမာမရှိရင် ပြန်ပေးရမှာဖြစ်ကြောင်း ပြောဆို ထားပါတယ်။