မိကျောင်းကန်လူထု ထပ်မံဆန္ဒပြ
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာ ဗန္ဓုလပန်းခြံနံဘေးမှာ ၉ လနီးပါးဖွင့်ထား ခဲ့တဲ့ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြ သူ ၁၀၀ ကျော်ဟာ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ လမ်းလျှောက်လှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
-
2014-12-11 -
-
-
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံနံဘေး မှာ ၉ လနီးပါးဖွင့်ထားခဲ့တဲ့ မိကျောင်းကန်သပိတ်စခန်း က ဆန္ဒပြသူ ၁၀၀ ကျော်ဟာ ဆူးလေဘုရားနဲ့ မြို့တော် ခန်းမရှေ့မှာ ဒီကနေ့ လမ်းလျှောက်လှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရက တစ်ပတ်အတွင်း သူတို့နဲ့တွေ့ဆုံဆွေးနွေးပေး ဖို့ တောင်းဆိုခဲ့တာကို လာရောက်ညှိနှိုင်းခြင်းမရှိတဲ့အ တွက် အခုလိုဆန္ဒပြကြတာဖြစ်တယ်လို့ သပိတ်တိုက်ပွဲ ဝင်နေသူတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်က ပြောပါတယ်။
"သူတို့ကို ကျနော်တို့က သတင်းစာရှင်းလင်းပွဲ ကနေပြီးတော့ ၇ ရက်အချိန်ပေးတယ်၊ ဒီနေ့အထိ ကျနော်တို့ကို တုန့်ပြန်မှု တစ်စုံတစ်ရာ မလာတဲ့ အတွက်ကြောင့် တုန့်ပြန်မှုတစ်ခုခုရအောင်လို့ ဆန္ဒ ထုတ်ဖော်တာပါ၊ နိုင်ငံတော်အစိုးရကို ကျနော် တို့ရပိုင်ခွင့် အခွင့်အရေးတွေကို ကျနော်တို့ ကတောင်းဆိုတယ်၊ ကျနော်တို့ရဲ့ ဘိုးဘွား ပိုင်မြေတွေကို ပြန်ပြီးတော့ပေးပါ၊ ကျနော်တို့ဘက်က မှားယွင်းတယ်လို့ယူဆရင် ကျနော်တို့ကို လာပြီးတော့ ဖမ်းပါ၊ ကျနော်တို့ဘက်က မှန်ကန်တယ်ဆိုလို့ရှိရင် ကျနော်တို့ကိုရှင်းလင်းပေးပါ၊ အဲဒီ့အချက်တွေ ကျနော် တို့တောင်းဆိုထားပါတယ်"
မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူတွေက အစိုးရအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ သတင်းစာရှင်းလင်း ပွဲတစ်ခုပြုလုပ်ပြီး ပြောဆိုခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်လောက်က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အမှတ် ၁၊ ၂ နဲ့ ၃ တို့ မှာရှိတဲ့ မြေနေ ရာတွေကို နယ်လှည့် တပ်မ ၂၂ က သိမ်းဆည်းခဲ့ပြီး ရပ်ကွက် နေထိုင်သူတွေကို ပဲခူးရိုးမအနီး ပြောင်းရွှေ့ပေး ခဲ့တယ် လို့ သိရပါတယ်။
အဲ့ဒီပြည်သူတွေက သူတို့ရဲ့ မူလနေရာတွေ ပြန်လည်ရရှိရေးအတွက် မိကျောင်းကန်သပိတ်စခန်းကို ပြီးခဲ့တဲ့မတ်လမှာ စတင်ဖွင့်ခဲ့ပြီး အာဏာပိုင်တွေက သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းကို တရားမဝင်စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈၊ စည်ပင်ပုဒ်မ ၆၈ တို့နဲ့ စုစုပေါင်း ထောင်ဒဏ် ၂နှစ် ချမှတ်ထားပါတယ်။