စစ်ကိုင်းတိုင်း တပ်မဟာသစ် ဖွဲ့စည်းမယ်လို့ MDY-PDF ထုတ်ပြန်
၂၀၂၅ မှာ စစ်ရေးအရှိန်မြှင့်ဖို့ စစ်ကိုင်းတပ်မဟာကို ဖွဲ့စည်းတာဖြစ်ကြောင်း MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။
-
RFA Burmese
2024-12-30 -
-
-
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အနေနဲ့ လာမဲ့ ၂၀၂၅ ခုနှစ်မှာ စစ်ကိုင်းတိုင်း တပ်မဟာသစ်ကို တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ MDY-PDF က ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်မှာ စစ်ရေးအရှိန်မြှင့်ဖို့အတွက် စစ်ကိုင်းတပ်မဟာကို ဖွဲ့စည်းတာဖြစ်ကြောင်း MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။
"စစ်ကိုင်းတပ်မဟာဖွဲ့စည်းရေးအတွက် လုံလောက်တဲ့ စစ်ရေးပြင်ဆင်မှုတွေလုပ်ထားတာရှိပါတယ်၊ အဓိက ရည်ရွယ်တာက ၂၀၂၅ ခုနှစ်ထဲမှာ စစ်ရေးအရှိန်မြှင့်ဖို့အတွက် စစ်ကိုင်းတပ်မဟာက ကျွန်တော်တို့ လုပ်ငန်းစဉ်တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်"
စစ်အာဏာရှင် အမြစ်ဖြတ်ရေး တိုက်ပွဲတွေမှာ ဒေသအသီးသီးက ဟန်ချက်ညီညီ အားကောင်းကောင်းနဲ့ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းထဲမှာ ရှိနေပြီးသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ စစ်ကိုင်းတပ်မဟာကို ဖွဲ့စည်းတာလို့ ဆိုပါတယ်။
စစ်ကိုင်းတပ်မဟာ ဖွဲ့စည်းရေးအတွက် အချိန်ယူပြင်ဆင် ဆွေးနွေးဆောင်ရွက်ခဲ့တဲ့အပြင် လက်ရှိမှာလည်း တော်လှန်ရေးတပ်ဖွဲ့တချို့နဲ့လည်း ချိတ်ဆက်ဆောင်ရွက်ထားကြောင်း ကိုအော်စမွန်က ပြောပါတယ်။
စစ်ကိုင်းတိုင်း တပ်မဟာမှာ လာရောက်ပူးပေါင်းမဲ့ စစ်သည်တော်တွေနဲ့ မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့တွေကို ထပ်မံကြိုဆိုဖိတ်ခေါ်ကြောင်းလည်း MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဆင်ရေးတွေကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
MDY-PDF အနေနဲ့ ၂ဝ၂၄ ခုနှစ်အတွင်း မိတ်ဖက်တော်လှန်ရေးတပ်ဖွဲတွေနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့တဲ့အပြင် ထိန်းချုပ်စိုးမိုးနယ်မြေ အမြောက်အမြားလည်း ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။
လက်တလောမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးနဲ့ စစ်ကောင်စီတပ်တွေ မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်းနဲ့ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။