မန္တလေးတိုင်း ဝန်ကြီးချုပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ မော်တော်ယာဉ်တန်းဟာ မနေ့က မိုးကုတ်မြို့ကနေ မန္တလေးအပြန်လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းမှာ လိုက်ပါခဲ့တဲ့ သတင်းထောက်တစ်ဦး နဲ့ နောက်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
-
2014-02-01 -
-
-
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ရဲ့ မော်တော်ယာဉ်တန်းဟာ မနေ့က မိုးကုတ်မြို့ကနေ မန္တလေးအပြန်လမ်းမှာ မိုင်းခွဲတိုက်ခိုက်ခံရတဲ့အတွက် ဝန်ကြီးချုပ်ရဲ့ ယာဉ်တန်းမှာလိုက်ပါခဲ့တဲ့ သတင်းထောက်တစ်ဦး နဲ့ နောက်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ မြို့ပြဖွံ့ဖြိုးရေးကိစ္စရပ်အတွက် မိုးကုတ်မြို့ခံ ရပ်မိရပ်ဖတွေနဲ့ တွေဆုံအပြီး အပြန်ညနေ သုံးနာရီခွဲလောက်မှာ နောင်ချိုမြို့နယ် ဟိုခိုကျေးရွာနဲ့ ဒိုးပင်ကျေးရွာအကြားမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့လက်ချက်ဆိုတာ လောလောဆယ်မသိရသေးဘူးလို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက RFA ကို ပြောပါတယ်။
“ညနေ ၃ နာရီခွဲ ပတ်ဝန်းကျင်လောက်ကပါခင်ဗျာ၊ ဘာမှမဖြစ်ပါဘူးခင်ဗျ၊ အားလုံးအေးဆေးပါပဲခင်ဗျ၊ ကျနော်တို့ကလည်း အတိအကျတော့ မသိရသေးဘူးလေ”
တပ်မတော်နဲ့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့တို့ ပူူးပေါင်းပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အဲဒီတိုက်ခိုက်မှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ခဲ့တာဖြစ်နိုင်တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦးကလည်း RFA ကို ပြောပါတယ်။
ဒဏ်ရာအနည်းငယ်ရရှိခဲ့တဲ့ မန္တလေး နေ့စဉ်သတင်းထောက်နဲ့ မန္တလေးတိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိတစ်ဦးတို့ဟာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေပါတယ်။