မန္တလေးကျောက်ဝိုင်းမှာ လိုင်စင်မရှိဘဲလုပ်ရင် ထောင်ချနိုင်တယ်လို့ စစ်ကောင်စီခြိမ်းခြောက်

လိုင်စင်မလုပ်ရင် အနည်းဆုံး ထောင်တစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ် လည်း ချမှတ်နိုင်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းအား ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က မန္တလေးကျောက်ဝိုင်းမှာ ကျောက်လုပ်ငန်း လုပ်ကိုင်သူတွေ လိုင်စင်လုပ်ကြဖို့နဲ့ လိုင်စင်မရှိဘဲလုပ်ရင် ထောင်ချနိုင်တယ်ဆိုပြီး စစ်ကောင်စီဘက်က ကြေညာထားတယ်လို့ ကျောက်အရောင်းအ၀ယ်လုပ်သူတွေက ပြောပါတယ်။

မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း) ရဲ့ အရှေ့ အနောက် ဝင်ထွက်ပေါက်တွေမှာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်ကစပြီး  ဆိုင်းဘုတ်ထောင် ကြေညာထားတာလို့ဆိုပါတယ်။

လိုင်စင်မလုပ်ရင် အနည်းဆုံး ထောင်တစ်နှစ်ကနေ သုံးနှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ် လည်း ချမှတ်နိုင်တယ်လို့ အဲဒီကြေညာချက်မှာ ပါရှိပါတယ်။

အခုလို လိုင်စင်လုပ်ခိုင်းတာကြောင့် အရင်ထက်ပိုခက်ခဲသွားနိုင်တယ်လို့ ကျောက်အရောင်း အဝယ်လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ဆိုးတာပေါ့ဗျာ။ နဂိုကတည်းကမှ နိုင်ငံရေးကြောင့် ကျောက်လုပ်ရတာ အဆင်မပြေပါ ဘူးဆိုမှ ဒီလိုလုပ်ခိုင်းတော့ ပိုဆိုးတာပေါ့။ အခုက ကျောက်ဝိုင်းမှာက အရင်ကထက် လူက ကြိတ်ကြိတ်ကိုတိုးလို့။ လိုင်စင်ရှိတဲ့သူက ကျွန်တော်ထင်တယ် ၂၀ ရာခိုင်နှုန်း လောက်ပဲ ရှိမယ်။ အခုလည်း လိုင်စင်လုပ်နေကြတဲ့သူတွေ များတယ်လို့ ကြားတယ်ဗျ"

လက်ရှိမှာတော့ တစ်နှစ်သက်တမ်းရှိတဲ့ အချောထည်လိုင်စင်နဲ့ ဝယ်ရောင်းလိုင်စင်တွေ အတွက် ကျပ်သုံးသောင်းစီနဲ့၊ ရတနာဆိုင်လိုင်စင်အတွက် ငွေကျပ်ငါးသောင်း ပေးသွင်း ရတယ်လို့ ဆိုပါတယ်။

ကျောက်လုပ်ငန်းလိုင်စင်ဟာ တစ်နှစ်သက်တမ်းရှိပြီး လိုင်စင်သက်တမ်းတိုးတဲ့အခါ အခွန်ဆောင်ရမယ့် လုပ်ငန်းစဥ်တွေ တိတိကျကျမသိရတာကြောင့် ကျောက်အရောင်း အဝယ်လုပ်သူတွေအနေနဲ့ မရှင်းမလင်းဖြစ်နေတယ်လို့လည်း ပြောပါတယ်။

လက်ရှိ မန္တလေးကျောက်ဝိုင်းမှာ နေ့စဉ်အရောင်းအဝယ်လုပ်ကိုင်သူ ထောင်ချီရှိတယ် လို့လည်း အဲဒီမှာလုပ်နေသူတွေက ပြောပါတယ်။

ဒါပေမဲ့ ကျောက်မျက်စျေးကွက်ကတော့ လက်ရှိအချိန်မှာ အရောင်းအဝယ်သိပ်မကောင်းဘဲ ဈေးကွက်ပျက်နေတယ်လို့ ဆိုပါတယ်။

အရင်က ဖားကန့်ဒေသကျောက်စိမ်းတွေဟာ မန္တလေးကျောက်ဝိုင်းမှာပဲ အဓိက အရောင်း အဝယ် လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ကြောင့် မန္တလေးကို မပို့တော့ဘဲ တရုတ်နိုင်ငံ ရွှေလီမြို့ဘက်မှာပဲ အရောင်းအဝယ်လုပ်ကြ တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်က မန္တလေးကျောက်ဝိုင်းအပြင်ဘက်မှာ ကျောက်အရောင်းအဝယ်လုပ်လို့ဆိုပြီး တရုတ်နိုင်ငံသားတွေအပါအဝင် လူလေးရာနီးပါးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org