ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကိစ္စ ပြည်နယ်အစိုးရနဲ့ လွှတ်တော် သဘောထားကွဲ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က MCL ဘိလပ်မြေစက်ရုံမှာ ခွင့်ပြုမိန့်မရှိဘဲ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခု တည်ဆောက်ထားတာကို ဥပဒေနဲ့ အညီအရေးယူပေးဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ မွန်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးရာမှာ ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သဘောထား ကွဲလွဲခဲ့တာကြောင့် မဲခွဲခဲ့ရပါတယ်။
-
2017-09-06 -
-
-
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က MCL ဘိလပ်မြေ စက်ရုံမှာ ခွင့်ပြုမိန့် မရှိဘဲ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၂ ခု တည်ဆောက်ထားတာကို ဥပဒေနဲ့ အညီအရေးယူပေးဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ မွန်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးရာမှာ ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ သဘောထားကွဲလွဲခဲ့ တာကြောင့် မဲခွဲခဲ့ရပါတယ်။
လျှပ်စစ်အမိန့်ကြေညာချက်အရ မဟာဓာတ်အားလိုင်းနဲ့ဝေးပြီး မိမိတဦးတည်းအသုံးပြုဖို့ အခြားသူတွေကို ရောင်း ချခြင်း မပြုလုပ်ရင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာကို ခွင့်ပြုမိန့် တောင်းခံစရာမလိုဘူးဆိုတဲ့ အချက်အရ MCL ဟာ ခွင့်ပြုမိန့်တောင်းခံစရာ မလိုကြောင်း ဝန်ကြီးချုပ်က ဆွေးနွေးခဲ့ပါတယ်။
" MCL က ဘယ်သူမှသူမပေးဘူး၊ သူ့စက်ရုံအတွင်းမှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို သူ့စက်ရုံအတွက်ပဲ သုံးတယ်ဆိုရင် ဒါကအမိန့်ကြေညာချက်အရ ခွင့်ပြုချက်တောင်းနေစရာမလိုဘူး"
ဒါပေမဲ့ အဆိုရှင် သထုံမြိုနယ်အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူကတော့ ဝန်ကြီးချုပ်ပြောတဲ့ အမိန့်ကြေညာချက်တွေဟာ မူလဥပဒေကို ကျော်လို့မရကြောင်းနဲ့ ဥပဒေမှာပါတဲ့အတိုင်း စက်ရုံကိုပိတ်သိမ်းကာ ခွင့်ပြုချက်ရမှ ပြန်လည်ပတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို သဘောထားကွဲလွဲနေတဲ့အတွက် အဆိုကို အတည်ပြုဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၇ မဲ ကန့်ကွက်မဲ ၇မဲ၊ ပယ်မဲ ၄မဲ နဲ့ ပြည်နယ်လွှတ်တော်က အဆိုကို အတည်လိုက်ပါတယ်။
MCLကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် ဇွန်လကတည်းက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို လည်ပတ်ပြီး အဲဒီကရတဲ့ လျှပ်စစ်ဓာတ်အားကိုသုံးကာ ဘိလပ်မြေထုတ်လုပ်နေတာ ဖြစ်ပါတယ်။
လျှပ်စစ်ထုတ်လုပ်ရာမှာ ၃၀ မဂ္ဂဝပ်အောက် ဓာတ်အားထုတ်လုပ်တဲ့စက်ရုံတွေဟာ ပြည်နယ်အဆင့် တိုင်းဒေသကြီး အဆင့်မှာ ခွင့်ပြုမိန့်တောင်းခံရမှာဖြစ်ပြီး ၃၀ မဂ္ဂဝပ်အထက် ထုတ်လုပ်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဟာ ပြည်ထောင်စုအစိုးရထံ ခွင့်ပြုချက်တောင်းခံရမယ်လိ့ု ၂၀၁၄ လျှပ်စစ်ဥပဒေမှာ ပါရှိပါတယ်။
ဒီကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၂ ရုံတည်ဆောက်ခွင့် ရှိ မရှိကို မွန်ပြည်နယ်လွှတ်တော်က ပြည်ထောင်စု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကို မေးမြန်းရာမှာ ခွင့်ပြုထားခြင်းမရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။