မောင်တောဒေသမှာ စာသင်ကျောင်း ၃၅ ကျောင်းဖွင့်လှစ်

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေထဲက ၃၅ ကျောင်းကို ပြန်လည်ဖွင့်လှစ်နေပြီလို့ သိရပါတယ်။

မောင်တောမြို့နယ်က ကျောင်းတစ်ကျောင်းကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုတွေကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေထဲက ၃၅ ကျောင်းကို ပြန်လည်ဖွင့်လှစ်နေပြီလို့ သိရပါတယ်။

မြို့ပေါ်က လုံခြုံတဲ့နေရာတွေက စာသင်ကျောင်းတွေကိုသာ ဖွင့်ပေးနိုင်တာဖြစ်ပြီး ရွာတွေဘက်မှာရှိတဲ့ စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့တော့ အချိန်ယူရဦးမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

"အခုလောလောဆယ်က ဖွင့်တယ်သာပြောတာ မြို့ပေါ်ကျောင်းတွေလောက်သာ ဖွင့်တာ။ နယ်ကျောင်းတွေ ဖွင့်ဖို့ဆိုတာက အိမ်တောင် တစ်ဆောင်မှမရှိဘူး။ ရွာထဲက ကျောင်းပဲရှိတယ်။ ကျောင်းတက်မယ့် ကျောင်းသား လည်းမရှိ။ ဆရာမတွေကတော့ ရောက်နေပါပြီ။ ကျောင်းပဲကျန်တာပေါ့။ ရွာပြင်မှာ ဆိုတော့ ရွာမှာအိမ်လည်းမရှိ အိမ်လည်း အားလုံးပြာပဲ ကျန်တော့တယ်။ တော်တော်နဲ့ ဖွင့်ဖို့ဆိုတာက နည်းနည်းအချိန်တော့ ယူရလိမ့်မယ်။"

ဘူးသီးတောင်က ကျောင်း ၂၀၊ မောင်တောက ၁၀ ကျောင်းနဲ့ ရသေ့တောင်က ၅ ကျောင်းတို့ကို စက်တင်ဘာ ၁၂ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ ပြန်ဖွင့်တာဖြစ်ပါတယ်။

ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေကနေ ထွက်ပြေးသွားကြတဲ့ ပညာရေးဝန်ထမ်းတွေထဲက ၉၀ ရာခိုင်နှုန်းလောက်ဟာ မူလတာဝန်ထမ်းဆောင်ရာနေရာတွေကို ပြန်လည်ရောက်ရှိလာကြပြီဖြစ်ပေမယ့် ကျောင်းသူ ကျောင်းသားတွေကတော့ တဝက်လောက်တောင် ကျောင်းမတက်နိုင်ကြသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ မဖြစ်ခင်အချိန်အထိ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းအရေ အတွက်ဟာ ရသေ့တောင်မြို့မှာ ၁၆၀ ကျော်၊ မောင်တောမြို့မှာ ၁၁၀၀ ကျော်နဲ့ ဘူးသီးတောင်မြို့မှာ ၁၁၀၀ ကျော် ရှိပါတယ်။

ကျောင်းသားအရေအတွက်ကတော့ ရသေ့တောင်မှာ ၈ ထောင်လောက်၊ မောင်တောမှာ ၈ သောင်းကျော်နဲ့ ဘူးသီးတောင်မှာ ၆ သောင်းခွဲကျော်ရှိပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ရသေ့တောင်မြို့က ကျောင်း ၂၀၊ မောင်တောမြို့က ကျောင်း ၁၈၀ ကျော်၊ ဘူးသီးတောင်မြို့က ကျောင်း ၂၀၀ ကျော် ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org