မောင်တောကော်မရှင် ရွာပေါင်း ၂ဝ ကို သွားရောက် စုံစမ်းစစ်ဆေး ခဲ့ကြောင်း ထုတ်ပြန်

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည် နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မ ရှင်က ကုလ သမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန် တဲ့ မောင်တောအရေး အစီရင်ခံစာနဲ့ ပတ်သက်ပြီး အစီရင်ခံစာမှာပါတဲ့ မောင်တောမြို့နယ်က ကျေး ရွာပေါင်း ၂၀ မှာ သွားရောက်စုံစမ်းစစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ အဖွဲ့ဝင်တွေ မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာကို ဖေဖော်ဝါရီလအတွင်းက မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့စဉ် Photo: Myanmar President Office

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် မောင်တောအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ထုတ်ပြန်တဲ့ မောင်တောအရေးအစီရင်ခံစာနဲ့ ပတ်သက်ပြီး အစီရင်ခံစာမှာ ပါတဲ့ မောင်တောမြို့နယ်က ကျေးရွာပေါင်း ၂၀ မှာ သွားရောက်စုံစမ်းစစ်ဆေးခဲ့ေကြာင်း သတင်းထုတ်ပြန် လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ မောင်တောမြို့နယ် ကျေးရွာပေါင်း ၂၀ မှာ သွားရောက် စုံစမ်းစစ်ဆေးခဲ့ရာမှာ ဖြစ်ရပ်အခြေအနေမှန်တွေနဲ့ အစီရင်ခံစာပါ အချက်တွေ ကွဲလွဲတာတွေ တွေ့ရှိခဲ့တယ် လို့ ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေ က ပြောပါတယ်။

"ကျနော်တို့ လူ့အခွင့်အရေးကော်မရှင်နာက ဂျီနီဗာမှာထုတ်တဲ့ဟာကတော့ တော်တော်များများ ကတော့ ဖြစ်ရပ်အခြေအနေမှန်တွေနဲ့ တော်တော် အလှမ်းဝေးတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်ပါတယ်၊ သူတို့က သူတို့တွေ့ရှိချက်ကိုပဲ သူတို့ဆီမှာလာပြီးတော့ သူတို့ခေါ်လိုက်တဲ့လူတွေကို အင်တာဗျူးလိုက် တာမှာ ပြောတဲ့အချက်တွေကိုပဲ အင်တာဗျူးလုပ်တယ်၊ သူကစိစစ်ပြီး အမှားအမှန်ကို ပြန်သုံးသပ်တဲ့ အပိုင်းလုံးဝမရှိပါဘူး၊ သူ့အပိုင်းကတော့ တွေ့ရှိချက်ကို သူတို့ဆီမှာ ထုတ်ဖော်ချက်ကို မှတ်တမ်း တင်ပြီးတော့မှ ကောက်ချက်ဆွဲတယ်လို့ အဲဒီလိုဖြစ်နေပါတယ်၊"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး OHCHR က ဘင်္ဂလားဒေ့ရ်ှဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေနဲ့ တွေ့ဆုံမေးမြန်းထားတာတွေကို Interview with Rohingyas fleeing from Myanmar since 9 October 2016 ဆိုတဲ့ ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ ထွက်ပြေးလာသူတွေထဲက လူပေါင်း ၂၀၀ ကျော်ရဲ့ ထွက်ဆိုချက်တွေကို စုစည်းတင်ပြထားပြီး ကျူးလွန်မှုတွေထဲမှာ အမျိုးသမီးတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အဓမ္မပြုကျင့်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ သတ်ဖြတ် မှုတွေ၊ မီးရှို့သတ်ဖြတ်တာတွေအထိ ရှိတယ်လို့ ဖေါ်ပြထားတာဖြစ်ပါတယ်။

ကော်မရှင်က စုံစမ်းရရှိခဲ့တဲ့အခြေအနေတေွကို ရှေ့လဆန်းပိုင်းလောက်မှာ နိုင်ငံတော် သမ္မတထံ အစီရင်ခံစာတင်ပြနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ကော်မရှင်ရဲ့ မေတ္တာရပ်ခံချက်နဲ့အညီ ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး မောင်တောဒေသမှာ ကွင်းဆင်းဆောင် ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မောင်တောဒေသမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေကို စစ်ဆေးဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဥက္ကဌအဖြစ် ရဲမှူးချုပ် ဝင်းထွန်း က ဦးဆောင်ပြီး ရထားရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် နေဝင်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်း၊ စစ်တွေ သတင်းရဲတပ်ဖွဲ့ တပ်ဖွဲ့ခွဲမှူး ဒုတိယ ရဲမှူးကြီး မောင်မောင်လွင်နဲ့ မှုခင်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်အေးတို့နဲ့ ဖွဲ့စည်းထား တာဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဇန်နဝါရီလ ၃၁ ရက်မှာ နိုင်ငံတော်သမ္မတထံ အပြီးသတ် အစီရင်ခံစာကို တင်ပြရမယ်လို့ အရင်က သတ်မှတ်ခဲ့ပေမယ့် ပြည်နယ်အတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်အသစ်တွေ ထူးခြားချက်တွေကို ဆက်လက်စုံစမ်းဖို့အတွက် သမ္မတအမိန့်နဲ့ နောက်ထပ် ရက်တိုးသတ်မှတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org