မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ AA နဲ့ ARSA တိုက်ပွဲဖြစ်
မောင်တောမြို့နယ်မြောက်ပိုင်းမှာ AA နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
-
RFA Burmese
2025-02-20 -
-
-
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က AA နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
AA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် မီးတိုက်ရွာရဲ့ အရှေ့မြောက်ဘက် တောင်တန်းပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ မောင်တောဒေသခံ တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက တစ်နာရီကျော်လောက် ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ARSA ကလည်း အင်အားများတယ် ပြောတယ်။ သုံးရာလောက်တောင် ရှိတယ်တဲ့။ သူတို့က အဲဒီ မီးတိုက်ရွာနားရယ်၊ မိုင်တိုင် ၄၃ နဲ့ ၄၅တို့မှာ ခြေကုပ်ယူထားတာ။ အခု AA ကလည်း စစ်ကူအင်အား အများအပြားနဲ့ ရှင်းလင်းရေးတွေလုပ်နေတယ်။ ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မကြားသေးဘူး”
ARSA အဖွဲ့ အပါအဝင် မွတ်စလင် လက်နက်ကိုင်အဖွဲ့တချို့ဟာ မောင်တောမြောက်ပိုင်း မေယုတောင်တန်းတွေပေါ်မှာ အဓိကခြေကုပ်နေရာယူပြီး ချုံခိုတိုက်ခိုက်တာ၊ အရပ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ သူက ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA)၊ ရိုဟင်ဂျာ ညီညွတ်ရေးတပ်ဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာတပ်ဖွဲ့ (ARA) နဲ့ အာရကန် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (ANDF) တို့ ပူးပေါင်းပြီး AA ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ပေါ်နေကြောင်း ဒေသခံက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
ရခိုင်ပြည်နယ်မှာ ၁၇ မြို့နယ်ရှိတဲ့အနက် ရိုဟင်ဂျာတွေ အများဆုံးနေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။