စစ်ကောင်စီလက်ထက် ပထမဆုံး တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း ထုတ်ပြန်
စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး အာဏာမသိမ်းခင်နှစ်တွေထက် အောင်ချက်ရာခိုင်နှုန်း ပိုများနေပါတယ်။ တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနက ဒီအောင်စာရင်းကို အသိအမှတ်မပြုဘူးလို့ ကြေညာပါတယ်။
- 2022-06-17
-
-
-
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြေဆိုတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် နိုင်ငံတစ်ဝန်းမှာ စာမေးပွဲဖြေဆိုသူ ၂၈၁,၇၅၁ ဦးရှိခဲ့ပြီး အဲဒီအထဲက ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းဖြစ်တဲ့ ၁၃၂,၀၇၇ ဦး အောင်မြင်ခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်နိုင်ငံလုံးဖြေဆိုသူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်သာ နှစ်စဉ်အောင်မြင်ခဲ့တဲ့ ဒီစာမေးပွဲ ဟာ စစ်ကောင်စီ လက်ထက်မှာ ၄၇ ရာခိုင်နှုန်းနီးပါးအထိ ထိုးတက်သွားတာပါ။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆရာ၊ ဆရာမတွေ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ခဲ့သလို ပြီးခဲ့တဲ့ ပညာသင်နှစ်အတွင်း ကျောင်းသားမိဘအများစုကလည်း သားသမီး တွေကို ကျောင်းမထားခဲ့ကြပါဘူး။
ဒီနှစ်အောင်စာရင်းထွက်ပေမယ့် အောင်တဲ့သူလည်း ဂုဏ်မယူရဲကြသလို ဝင်မဖြေတဲ့ သူတွေလည်း စိတ်မကောင်းဖြစ်တာ မတွေ့ရဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ် မှာ ပါဝင်တဲ့ ဆရာတစ်ဦးက RFA ကို ပြောပါတယ်။
"တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ ကျောင်းသား၊ ကျောင်းသူက ပျမ်းမျှ ကိုးသိန်းဝန်းကျင် လောက် ရှိတယ်၊ တစ်နှစ် တစ်နှစ်ကိုလေ။ အောင်တဲ့သူက သုံးသိန်းဝန်းကျင်လောက် အောင်တယ်။ ငါးသိန်းဝန်းကျင်လောက်ကတော့ ပုံမှန် ကျတယ်။ ပြီးခဲ့တဲ့နှစ်တွေ လောက်တော့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အခြေအနေကိုတော့ အပြင်မှာ မတွေ့ရဘူး။ အောင်တဲ့သူကလည်း ဂုဏ်ယူဝင့်ကြွားစွာ အောင်တယ်လို့ သူတို့မှာ ပြောဖို့အတွက် အခက်အခဲရှိသလို၊ မဖြေတဲ့သူတွေကလည်း ဒီဟာကို ဝင်မဖြေလိုက်ရလို့ မအောင်တဲ့အတွက် ဝမ်းနည်းပက်လက်ဖြစ်တဲ့ အနေအထားမျိုးလည်း မတွေ့ရဘူး။ ဒီဆယ်တန်းအောင်စာရင်းအပေါ်မှာ ရင်ခုန် သက်ဝင်လှုပ်ရှားမှု နည်းတယ်"
စစ်အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ကိုးသိန်း ဝန်းကျင်ရှိခဲ့ပေမယ့် အခုနှစ် စာမေးပွဲမှာတော့ ဝင်ရောက် ဖြေဆိုသူ နှစ်သိန်းရှစ်သောင်းကျော်သာ ရှိခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနက စာမေးပွဲတွေ မဖြေဆိုခင် ကလည်း စစ်ကောင်စီရဲ့ စာမေးပွဲကို အသိအမှတ်မပြုဘူးလို့ ကြေညာခဲ့သလို ဒီနေ့ အောင်စာရင်းကိုလည်း အသိအမှတ်မပြုဘူးလို့ ဇွန် ၁၇ ရက် ဒီကနေ့မှာ ထပ်မံကြေညာ ပါတယ်။
ဒီနေ့စာမေးပွဲအောင်တဲ့ ရန်ကုန်မြို့က ကျောင်းသားတစ်ဦးရဲ့ မိခင်ဖြစ်သူကတော့ NUG က အသိအမှတ်မပြုလို့ တစ်ချိန်မှာ ပြန်ဖြေရမယ်ဆိုလည်း လက်ခံဖို့ ဆုံးဖြတ်ထားပြီးသားလို့ RFA ကို ပြောပါတယ်။
"စစ်ကောင်စီအချိန်မှာ ဖြေလိုက်တာဖြစ်တဲ့အတွက် NUG က အသိအမှတ်မပြုဘူး ဆိုလည်း ကျမက လက်ခံတယ်။ တစ်ချိန် ပြန်ဖြေရမယ်ဆိုလည်း ပြန်ဖြေဖို့ ရယ်ဒီပဲ။ ဘာလို့ဆို ကလေးကို အပြင်မှာထားလိုက်ရင် ဒီတစ်နှစ်၊ နှစ်နှစ်မှာ စိတ်လေသွားပြီး ကလေးဘဝက လမ်းကြောင်းတွေ ပြောင်းလဲသွားမှာစိုးလို့သာ ကျမတို့က ကလေးကို ထိန်းချုပ်ပြီးသားလည်းဖြစ်အောင်၊ ဒီကြားထဲမှာ စာနဲ့လည်း အဆက်မပြတ်ဖြစ်အောင် လို့ ကျမတို့က ဝင်ဖြေလိုက်တာလေ။ ဘယ်လိုအခြေအနေ၊ အကြောင်းအရာဖြစ်ဖြစ် အကောင်းဆုံးကို လက်ခံမယ်လို့ ဆုံးဖြတ်ထားပြီးသား။ အစောကြီးကတည်းက သားကိုလည်း ပြောပြီးသား တကယ်လို့များ နောင်တစ်ချိန်မှာ သူတို့က အသိအမှတ် မပြုဘူးလို့ ထပ်ဖြေလို့ဆိုရင်လည်း ဖြေမှာပဲ။ သူများတွေ ပြောတာ၊ ဆိုတာလည်း ခံရတယ်။ ကိုယ့်မိသားစုအကြောင်း ကိုယ်ပဲသိတယ်"
ကိုဗစ်-၁၉ ကြောင့် ကျောင်းတစ်နှစ် နားထားရသလို စစ်အာဏာသိမ်းမှုကြောင့်လည်း နောက်ထပ်တစ်နှစ် ထပ်နားထားရတဲ့အတွက် ကျောင်းတွေ ပြန်ဖွင့်တဲ့ ဒီနှစ်မှာတော့ ထပ်ပြီး နောက်မကျစေချင်တော့တာကြောင့် ဝင်ဖြေခိုင်းခဲ့တာလို့ ဆိုပါတယ်။
အင်္ဂလိပ်စာ၊ သင်္ချာနဲ့ ဇီဝဗေဒ သုံးဘာသာဂုဏ်ထူးနဲ့ ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့တဲ့ ရန်ကုန်မြို့က ကျောင်းသားတစ်ဦးကလည်း မိဘလမ်းညွှန်တဲ့အတိုင်း လုပ်ခဲ့တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"ထွေထွေထူးထူးတော့ မရှိခဲ့ဘူးဗျ။ အမေ လမ်းညွှန်တဲ့အတိုင်းပဲ လုပ်ခဲ့တာ။ ရမယ့် အမှတ်ပေါ် မူတည်ပြီးတော့ပဲ ရွေးချယ်မှာဗျ။ ဘာဖြစ်ချင်တယ်ဆိုတာမျိုး အမေတို့က ဖိအားပေးတာမျိုး မရှိပါဘူး။ ဆေးကျောင်းကတော့ ကျနော် စိတ်မဝင်စားဘူး။ ရမယ့် အမှတ်ပေါ် မူတည်ပြီး တခြားဟာ ရွေးဖြစ်မယ်ထင်တယ်"
လက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းတဲ့ မကွေးတိုင်း ရေစကြိုမြို့နယ်က ဆယ်တန်း ကျောင်းသူတစ်ဦးကတော့ သူဟာ စစ်တပ်ကြောင့် တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်ပြီး ပညာမသင်ကြားနိုင်တဲ့ ကျောင်းသားတွေကို အားနာတဲ့အတွက် ပြီးခဲ့တဲ့ နှစ်မှာ ကျောင်းမတက်ခဲ့ဘူးလို့ RFA ကို ပြောပါတယ်။
"အာဏာရှင်ဆန်တဲ့ စနစ်ကို ညီမက မကြိုက်ဘူး။ တောထဲမှာဝင်နေတဲ့ ကိုယ့်ထက်ငယ် တဲ့ ကျောင်းသားတွေကိုလည်း စာနာတယ်။ ကိုယ်ချင်းစာတရားရှိတဲ့အတွက်ကြောင့် မို့လို့ ဝင်မဖြေတာ။ ကိုယ်ဖြေလိုက်ရင် သူတို့ကို အားလည်းနာတယ်။ ဖြေရတာလည်း စိတ်မဖြောင့်ဘူးပေါ့။ ဒီနှစ်မှာ မော်ရေးရှင်းအမှတ်တွေ ချပေးတယ်ဆိုတာလည်း သိတယ်။ လွယ်လွယ်နဲ့ ဆယ်တန်းကို အောင်မယ်ဆိုတာလည်း သိတယ်။ ဒါပေမဲ့ ယုံလည်း မယုံကြည်ဘူး၊ စိတ်လည်းမသန့်ဘူး။ အဲလိုမျိုး ဖြေရမယ့်အတွက်ကြောင့်မို့လို့ လွယ်လွယ်နဲ့ အောင်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ပညာတတ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး"
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး အာဏာပြန်ရတဲ့အခါမှပဲ ဆယ်တန်းစာမေးပွဲကို ပြန်ဖြေမယ်လို့ သူက ပြောပါတယ်။
"တောထဲမှာဝင်နေတဲ့ ကိုယ့်ထက်ငယ်တဲ့ ကျောင်းသားတွေကိုလည်း စာနာတယ်။ ကိုယ်ချင်းစာတရားရှိတဲ့အတွက်ကြောင့်မို့လို့ ဝင်မဖြေတာ"
အာဏာမသိမ်းခင် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်အတွက် ဝင်ရောက်ဖြေဆိုသူ ၉၇၀,၇၅၉ ဦးရှိတဲ့အနက် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းအောင်မြင်ခဲ့သလို ၂၀၁၈- ၂၀၁၉ ပညာသင်နှစ် အတွက် ဝင်ရောက်ဖြေဆိုသူ ၈၅၁,၅၂၄ ဦးထဲက ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းနဲ့ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွက် ဝင်ရောက်ဖြေဆိုသူ ၈၄၄,၃၅၈ ဦးထဲက ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းသာ ပုံမှန်အောင်မြင်ခဲ့ကြတာပါ။
ဒီနှစ်တော့ စစ်ကောင်စီကို ဆန့်ကျင်မှုတွေရှိနေတဲ့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ဖြေသူ ၇၀ ရာခိုင်နှုန်းဝန်းကျင် လျော့နည်းခဲ့ပေမယ့်လည်း အရင်နှစ်တွေနဲ့စာရင် အောင်ချက်ရာခိုင်နှုန်းကို ၁၅ ရာခိုင်နှုန်းအထိ မြှင့်တင်ထားတာ တွေ့ရပါတယ်။
ပြည်တွင်းမှာ မွန်ပြည်နယ်က ၁၁,၂၁၂ ဦး ဝင်ရောက်ဖြေဆိုပြီး ၆၄၁၄ ဦး အောင်မြင်ခဲ့တာ ကြောင့် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းနဲ့ အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံး ဖြစ်ခဲ့တာပါ။ ဧရာဝတီတိုင်းက ၃၇,၂၃၇ ဦးမှာ ၁၉,၄၂၃ ဦးအောင်ပြီး ၅၂ ဒသမ ၁၆ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ မန္တလေးတိုင်းက ၃၃,၅၈၄ ဦး ဝင်ဖြေရာမှာ ၁၆,၇၄၇ ဦးနဲ့ ၄၉ ဒသမ ၉၂ ရာခိုင်နှုန်းနဲ့ တတိယအသီးသီး ရပ်တည်နေပါတယ်။
လက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ နည်းပါးခဲ့သလို အောင်ချက်ရာခိုင်နှုန်းတွေလည်း လျော့နည်းခဲ့ပါတယ်။