တက္ကသိုလ်ဝင်စာမေးပွဲ ပျက်ကွက်သူတွေကို ပြန်ဖြေခွင့်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီပြော
မတ်လထဲမှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ Grade 12 ကို ကျောင်းသား တစ်သောင်းရှစ်ထောင်နီးပါး ဖြေဆိုဖို့ပျက်ကွက်ခဲ့တာကြောင့် အဲဒီပျက်ကွက်သူတွေအတွက် အခုဧပြီလထဲမှာ ပြန်ကျင်းပပေးမယ်လို့ စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-03-31 -
-
-
မတ်လထဲမှာကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ Grade 12 ကို ကျောင်းသား တစ်သောင်းရှစ်ထောင်နီးပါး ဖြေဆိုဖို့ပျက်ကွက်ခဲ့တာကြောင့် အဲဒီပျက်ကွက်သူတွေအတွက် အခုဧပြီလထဲမှာ ပြန်ကျင်းပပေးမယ်လို့ စစ်ကောင်စီက မတ်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီ တက္ကသိုလ်ဝင်စာမေးပွဲကို စစ်ကောင်စီက အထူးအစီအစဉ်အနေနဲ့ လုပ်တာလို့ဆိုထားပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကချင်နဲ့ ရခိုင်ပြည်နယ် အပါအဝင် ပြည်နယ်နဲ့တိုင်း ၁၄ ခုက မြို့တော်တွေမှာ ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ ပြန်ကျင်းပမယ်လို့ ဖော်ပြထားပါတယ်။
မတ်လ တက္ကသိုလ်ဝင်စာမေးပွဲမှာ မဖြေဆိုရသေးတဲ့ ကျောင်းသားတွေအနေနဲ့ ဧပြီလ ၁၄ ရက်နေ့ကစပြီး ဖြေဆိုလိုတဲ့ စာစစ်ဌာနတွေမှာ စာရင်းသွင်းရမယ်လို့လည်း ဖော်ပြထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ကနေ ရန်ကုန်ကို နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ကျောင်းသားမိဘတစ်ဦးကတော့ ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီရဲ့တက္ကသိုလ်ဝင်စာမေးပွဲက ဖြစ်နိုင်ခြေနည်းတယ်လို့ RFA ကို ပြောပါတယ်။
"ဒါကသိပ်တော့မဖြစ်နိုင်ဘူး။ ရခိုင်ပြည်နယ်ထဲမှာ ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ထားတယ်။ တချို့ မြို့တွေဆို AA ကသိမ်းထားတယ်။ စစ်တွေမြို့မှာလည်း အဝင်၊ အထွက်တွေ စစ်တပ်က ပိတ်ထားတာ၊ ဆိုတော့ လမ်းပမ်းဆက်သွယ်ရေးလည်းမရှိ၊ လုံခြုံရေးလည်းမရှိဘဲ ဒီစာမေးပွဲက ဘယ်လိုဖြေကြမလဲ"
နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေကတော့ သူတို့ လက်ရှိနေထိုင်ရာဒေသမှာပဲ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်ဖြေလို့ရမလားဆိုတာ တိတိကျကျ မသိကြပါဘူး။
စစ်ကောင်စီဘက်ကတော့ သတ်မှတ်စာစစ်ဌာနတွေမှာပဲ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလို့ရမယ်လို့ ထုတ်ပြန်ထားတာပါ။
မတ်လ ၁၁ ရက်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၁၄၆,၅၂၃ ဦး စာရင်းပေးခဲ့ပေမယ့် ဖြေဆိုသူ ၁၂၈,၈၀၁ ဦးသာရှိခဲ့ပြီး ပျက်ကွက်သူ ၁၇,၈၈၈ ဦး ရှိတယ်လို့ စစ်ကောင်စီက မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။