မြန်မာသံရုံး ဗုံးခွဲမယ့် အဖွဲ့ခေါင်းဆောင်ကို ထောင်ဒဏ် ချမှတ်
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြီးခဲတဲ့နှစ်မေလ က မြန်မာသံရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့ အဓိက ဦးဆောင်ကြံစည်ခဲ့တဲ့ ဆီဂျစ် အင်ဒရာဂျီဒ် Sigit Indrajit ကို ဂျာကာတာတောင်ပိုင်း တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
-
2014-01-21 -
-
-
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့နှစ်မေလ က မြန်မာသံရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့ အဓိက ဦးဆောင်ကြံစည်ခဲ့တဲ့ ဆီဂျစ် အင်ဒရာဂျီဒ် Sigit Indrajit ကို ဂျာကာတာတောင်ပိုင်း တရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇နှစ်ခွဲ ချမှတ်လိုက်ပါတယ်။
အသက် ၂၃ နှစ် ရှိပြီဖြစ်တဲ့ ဆာဂျစ် အင်ဒရာဂျီဒ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုကျူးလွန်ဖို့ ကြံစည် အားထုတ်ခဲ့တဲ့ သက်သေအထောက်အထား အခိုင်အလုံတွေ့ရှိတာကြောင့် အခုလို အပြစ်ပေးခဲ့တာဖြစ်တယ်လို့ ဂျာကာတာတရားရုံးက သတင်းထုတ်ပြန်ပါတယ်။ ဒီလ ၁၃ ရက်နေ့ကလည်း ဒီအမှုနဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မာမ်မစ် အစွန်းရောက် ၇ ဦးထဲက “ရိုခါဒီ” ဆိုသူကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။
တရားရုံးရဲ့အဆိုအရ ရိုခါဒီဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့အတွက် ဗုံးတွေကို သူ့အိမ်မှာသိမ်းဆည်းထား ပြီးနောက်၊ ဒီအမှုနဲ့ပဲ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရတဲ့ Taufig ဆိုသူထံ အဲဒီဖောက်ခွဲပစ္စည်းတွေကို လက်လွှဲပေးခဲ့တာလို့ဆိုပါတယ်။ သူတို့အားလုံးဟာ တခြားအဖွဲ့ဝင်တွေနဲ့အတူ ဗုံးတပ်ဆင်နည်းသင်တန်း တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာသံရုံးကို ဗုံးဖောက်ခွဲမယ့်အစီအစဉ် မတိုင်ခင် တစ်ရက်အလိုမှာ သူတို့အားလုံးကို အင်ဒိုနီးရှားရဲက တားဆီးဖော်ထုတ်နိုင်ခဲ့တာပါ။
မနေ့ကလည်း ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ ဖောက်ခွဲရေးလုပ်ငန်းတွေ လုပ်ဆောင်မယ့် မြန်မာနိုင်ငံဖွား ပါကစ္စတန် တာလီဘန် မွတ်စလင်အစွန်းရောက်အဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း ကြေညာပါတယ်။