အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် နှစ်ကြိမ်တက်မည်
ဒီကနေ့ ကျရောက်တဲ့ (၆၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၂) ကြိမ် တက်ရောက်မယ်လို့ အန်အယ်လ်ဒီ ရုံးချုပ်က ပြောပါတယ်။
-
2011-07-18 -
-
-
မြန်မာ့ တပ်မတော်ကို တည်ထောင်ခဲ့သူ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လန်ဒန်မြို့ အခမ်းအနားတခုတွင် တွေ့မြင်ရစဉ် မှတ်တမ်းပုံဖြစ်ပါသည်။ (Photo: AFP)
AFP
မနက်ပိုင်းမှာ အစိုးရက ကျင်းပတဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။ နေ့လည်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ လုပ်ငန်းအဖွဲ့တွေ၊
လူငယ်တွေနဲ့အတူ အာဇာနည် ဗိမာန်ကို ဒုတိယအကြိမ် သွားရောက် ဂါရဝပြုမှာ ဖြစ်ကြောင်း ဗဟိုအလုပ်ဆောင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
"၁၂ နာရီခွဲနဲ့ တနာရီကြားမှာ CEC ၊ CRPP ၊ ဝါရင့်၊ နောက် ရုံးမှာရှိတဲ့ လုပ်ငန်းအဖွဲ့ဝင်တွေပေါ့။ အကုန်လုံး အချိုးကျတွက်ပြီး လူတရာလောက်ပေါ့။
အဲဒါ ကားနဲ့ လုံခြုံရေး ဂိတ်အထိ သွားမယ်။ အဲဒီမှာ အကုန်လုံးဆင်း လမ်းလျှောက်ပြီး အာဇာနည်ကုန်းသွားပြီး အလေးပြုမယ်။ CEC ထဲကဆိုရင် ၁၀ ယောက်စလုံး ပါပါတယ်။
နေထိုင်မကောင်းတဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်၊ ဦးညွန့်ဝေ၊ ဦးဝင်းတင် တို့ ၅ ယောက်တာ့ မပါဘူးပေါ့။"
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ၁ဝဝ ခန့်ဟာ အာဇာနည်ဗိမာန် အနီးအထိ ကားတွေနဲ့ သွားရောက်ပြီး အဲဒီကမှ (၄) ယောက်တတွဲ ငြိမ်းချမ်းစွာ ချီတက် အလေးပြုကြမှာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒီမိုကရေစီ ကွန်ယက်အဖွဲ့က လွမ်းသူပန်းခွေ ၂ ခုကို အာဇာနည် ဗိမာန်မှာ မနေ့ ညနေပိုင်းက ကြိုတင်သွားရောက်ပို့ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တက်ရောက်မယ့် အစီအစဉ် အားလုံးကို အစိုးရ ပြည်ထဲရေးဌာနက ခွင့်ပြုထားပြီး ဖြစ်ကြောင်းလည်း အန်အယ်လ်ဒီ လူငယ်တဦးက ပြောပါတယ်။
"အာဇာနည်ကုန်းက အထွက်မှာ အသက်ကြီးပိုင်းတွေ သိပ်ပြီးတော့ လမ်းမလျှောက်ရအောင် မြောက်ဘက်မုဒ်ကနေ ကားဝင်ခွင့်တောင်းတာ ပေးပါတယ်။
ပန်းခွေလည်း မနေ့က ညနေ ၅ နာရီမှာ ကျနော်တို့ သွားပို့ထားပါတယ်။ ဒီမိုကရေစီအဖွဲ့ချုပ်က ပန်းခွေတခွေ၊ ဒီမိုကရေစီ ကွန်ယက်က ပန်းခွေတခွေ ပို့ထားပါတယ်"
ဒီကနေ့ မနက်အစောပိုင်းကတော့ ကျဆုံးခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးပြီး အဖွဲ့ချုပ်ရုံးမှာ သံဃာတော် (၅) ပါးကို ပင့်ဖိတ် ဆွမ်းကပ်
လှူဒါန်းပြီး၊ ဖိတ်ကြားထားတဲ့ နိုင်ငံရေး ပါတီတွေက ဧည့်သည်တွေကို နံနက်စာ ထမင်း တည်ခင်း ဧည့်ခံတယ်လို့ သိရပါတယ်။
အဖွဲ့ချုပ်ရဲ့ အာဇာနည်နေ့ အခမ်းအနား တက်ရောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်စန်းစန်းတင် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |