စစ်အုပ်ချုပ်ရေးကြေညာပြီး နယ်မြေရှင်းလင်းမှုကြောင့် ခင်ဦးဒေသခံတစ်သောင်းနီးပါး ထွက်ပြေး

ခင်ဦးမှာ စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးကြောင့် အရပ်သား တစ်သောင်းနီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

စစ်ကောင်စီစစ်ကြောင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ခင်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးလုပ်လာတဲ့အတွက် ဖေဖော်ဝါရီလ ၁၁ ရက်ကနေ ဖေဖော်ဝါရီလ ၁၅ ရက်အထိ အရပ်သား တစ်သောင်း နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၇၀ လောက်နဲ့ နယ်မြေရှင်းလင်းရေးလုပ်နေပြီး စောကြီးရွာ၊ သေနပ်စိန်ရွာ၊ ကွန်းတိုင်းရွာနဲ့ မင်းကန်ကြီးရွာ က နေအိမ် ၅၀ နီးပါးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်မှာ လက်ပံလှနဲ့ လောင်းရှည်ရွာတွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လောင်းရှည်မှာ ညအိပ်တယ်။ ညက တစ်ညလုံးမီးရှို့တယ်။ အခုမနက်လည်း ရှို့တုန်းပဲ။ မထွက်သေးဘူး။ ပြေးတာတော့ အကုန် ပြေးရတာ။ လယ်ကြားတွေထဲထိ ပြေးရတာ မနေ့က ရွာတစ်ရွာက တစ်ယောက် လယ်ကြားမှာပဲ ကလေးမွေးသွားတယ်”

စောကြီး၊ သေနပ်စိန်၊ ကွန်းတိုင်း၊ မင်းကန်ကြီး၊ လက်ပံလှ၊ လောင်းရှည်၊ ဥစ္စာတွင်း၊ လက်ပံကြီး၊ ပဒွင်း၊ ရသန်း၊ သံဘို၊ ရေအေးကုန်း၊ ကျီးကန် ရွာတွေက အရပ်သားတွေ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နယ်မြေရှင်းလင်းမှုကြောင့် အရပ်သားတွေထွက်ပြေးတိမ်းရှောင်နေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

အာဏာသိမ်း နှစ်နှစ်အတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၆၃ ရွာက အိမ်ခြေ ၃၆၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ဒေသခံပြည်သူ နှစ်သောင်းဝန်ကျင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခြောက်သိန်းခွဲဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org