မန္တလေးမြို့မှာ အပူဒဏ်ကြောင့် နေ့စဥ် သေဆုံးမှုများလာ

မန္တလေးမြို့မှာ ဧပြီလ နောက်ဆုံးအပတ်အတွင်း အပူဒဏ်ကြောင့် နေ့စဥ် သေဆုံးမှုတွေ များလာပြီး စုစုပေါင်း တစ်ရာကျော် ရှိလာပြီလို့ မန္တလေးမြို့မှာရှိတဲ့ ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ပြောပါတယ်။

အပူလျှပ်ဝေဒနာခံစားခဲ့ရသည့် လူနာတစ်ဦးအား မန္တလေးဆေးရုံကြီးသို့ လူမှုကူညီရေးအသင်းမှ ကူညီပို့ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က တွေ့ရစဥ်။ Facebook/မဏီစလ လူမှု/နာမှု ကူညီရေးအသင်း - မန္တလေးမြို့

မန္တလေးမြို့မှာ ဧပြီလ နောက်ဆုံးအပတ်အတွင်း အပူဒဏ်ကြောင့် နေ့စဥ် သေဆုံးမှုတွေ များလာပြီး စုစုပေါင်း တစ်ရာကျော် ရှိလာပြီလို့ မန္တလေးမြို့မှာရှိတဲ့ ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ပြောပါတယ်။

အပူချိန် မြင့်တက်လာတဲ့ ဧပြီလ နောက်ဆုံးအပတ်ထဲမှာ အပူလျှပ်မှု (Heatstroke) ကြောင့် ရုတ်တရက် သေဆုံးတာ၊ မူးလဲပြီးဆေးရုံကို အရေးပေါ် ပို့ဆောင်ရတာတွေ ခပ်စိပ်စိပ်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ မန္တလေးမြို့မှာရှိတဲ့ သုသာန်နှစ်ခုထံက သိရတဲ့စာရင်းအရ အပူဒဏ်ကြောင့် နေ့စဥ်သေဆုံးသူ သုံးဆယ်ကျော်ရှိတယ်လို့ RFA ကို ပြောပါတယ်။

“အေးရိပ်ငြိမ်နဲ့ တောင်အင်းမြောက်အင်း သုသာန်နှစ်ခုရဲ့ ပြောကြားချက်ပါ။ ဒီရက်ပိုင်း အပူလွန်ကဲပြီး ဦးနှောက်သွေးကြောပြတ် သေဆုံးတာကတော့ နေ့စဥ် သုံးဆယ်ကျော်၊ လေးဆယ်ကတော့ ရှိမယ်ပေါ့။ ဒီနှစ်ရက် သုံးရက်မှာ တော်တော်ကိုဆိုးတာ။ လမ်းသွားရင်းနဲ့ ဆိုင်ကယ်မောင်းရင်းနဲ့ပစ်လဲ၊ အဲဒီလိုတွေ ဖြစ်ကြတာလေ။ တချို့ဆိုရင် ကားပေါ်တင် သေဆုံးတာတွေ ရှိတယ်”

အများစုဟာ ရောဂါအခံရှိသူတွေ အဝလွန်ကဲသူတွေနဲ့ သက်ကြီးပိုင်းအရွယ်တွေဖြစ်ပြီး အပူလွန်ကဲမှုကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးတာလို့ ဆိုပါတယ်။

ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တစ်ခုတည်းကနေ အပူဒဏ်ကြောင့် နေ့စဥ် ဆေးရုံကြီးကိုပို့ပေးရသူ ဆယ်ဦးခန့်ရှိတယ်လို့လည်း အဲဒီအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မဟာအောင်မြေမြို့နယ်အခြေစိုက် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ဒီရက်ပိုင်း မန္တလေးဆေးရုံကြီးကို (Heatstroke) ကြောင့် ရောက်လာတဲ့သူတွေ ပိုများလာတယ်လို့ RFA ကို ပြောပါတယ်။

“တချို့ဆိုရင်လည်း ခေါင်းတွေ တအားမူးသွားလို့။ တချို့ဆိုရင်လည်း အဖျားတွေတက်ပြီး ကိုယ်ပူချိန်တွေ မြင့်တက်နေလို့။ ရောဂါရဲ့ လက္ခဏာကတော့ တစ်ယောက်တစ်မျိုးပြောရင် တစ်မျိုးစီပဲဖြစ်နေတာပေါ့။ တကယ်တမ်းကတော့ အပူချိန်လွန်ကဲလို့ ဖြစ်တဲ့ဟာပဲ။ ဆေးရုံကြီးမှာဆိုရင် ရေခဲရေတွေနဲ့ ချိုးချပေးတာ၊ အပူနုတ်ပေးတာ။ ဒီဟာတွေနဲ့တင် ကုသမှုအောင်မြင်တာတွေ တွေ့ရတယ်။ တချို့ဆိုရင် အဲဒီအထိမမီဘဲ သေသွားတာတွေ ရှိတယ်”

မန္တလေးမြို့မှာ အပူဒဏ်ကြောင့် သေဆုံးသူ တစ်ရာကျော် ရှိလာတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မန္တလေးမြို့မှာ ဧပြီလ နောက်ဆုံးအပတ်အတွင်း အပူလျှပ်သေဆုံးသူ များလာတာကြောင့် အပူချိန် မြင့်မားနေချိန် ရောဂါအခံရှိသူတွေနဲ့ နေပူထဲမှာ အလုပ်လုပ်ရသူတွေ အထူးသတိထားကြဖို့ လူမှုကူညီရေးအသင်းအဖွဲ့တွေက အသိပေးထားကြပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကလည်း နိုင်ငံတစ်ဝန်းမှာ ဧပြီလနဲ့မေလအတွင်း အပူချိန် အမြင့်မားဆုံး ခံစားရနိုင်ပြီး စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတွေမှာ အမြင့်ဆုံး အပူချိန်ရှိနေတယ်လို့ သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org