ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ငါးရက်ကြာ ခရီးစဉ်အဖြစ် စတင် ရောက်ရှိလာပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ယာ) နှင့် အတွင်းရေးမှူးချုပ်၏ ရုံးအဖွဲ့မှူး မစ္စတာ ဗီဂျေ နမ်ဘီယာ (ဝဲ) တို့ကို အစည်းအဝေးတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: UN Photo/Eskinder Debebe) (Photo: UN Photo/Eskinder Debebe)

မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြည်ထဲရေး ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို တို့ကို အရင်ဆုံး တွေ့ဆုံမှာ ဖြစ်ပြီး မနက်ဖြန် နေ့လယ် သုံးနာရီမှာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား နိုင်ငံရေးနဲ့ တိုင်းရင်းသား ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း မစ္စတာ နမ်ဘီယာ တွေ့ဆုံဖွယ် ရှိတယ်လို့ ရန်ကုန် ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

အမျိုးသား လွှတ်တော် အမတ် ဒေါက်တာအေးမောင် ကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် မစ္စတာ နမ်ဘီယာရဲ့ ခရီးစဉ်ဟာ အကျိုးရှိမယ်လို့ ယူဆကြောင်း ပြောပါတယ်။

မစ္စတာ နမ်ဘီယာဟာ မနက်ဖြန် နေပြည်တော် မြန်မာ ကွန်ဗင်းရှင်း စင်တာမှာ ကျင်းပမယ့် သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ Global Green Forum ကို တက်ရောက်မယ် လို့လည်း သိရပါတယ်။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်လာနိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org