မလေးရှားကို တရားမဝင်သွားမယ့် မြန်မာ ၂၉ ဦး ဖမ်းဆီးခံရ

လူမှောင်ခိုလုပ်ငန်းအတွက် အသုံးပြုနေတယ်လို့ သံသယရှိတဲ့ ယာဉ်တစ်စီးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးရင်း အခုလိုဖမ်းမိခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင်တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ရစဥ်။ Immigration Bureau 3

ထိုင်းနိုင်ငံ ဆိုင်ဘူရီခရိုင်အတွင်း ကုန်ကားတစ်စီးထဲ တရားမဝင်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ထိုင်းယာဉ်မောင်းတစ်ဦးနဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

လူမှောင်ခိုလုပ်ငန်းအတွက် အသုံးပြုနေတယ်လို့ သံသယရှိတဲ့ ယာဉ်တစ်စီးကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးရင်း အခုလိုဖမ်းမိခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ကားအတွင်းက အလုံပိတ်သေတ္တာတစ်ခုထဲမှာ လိုက်ပါလာတဲ့ မြန်မာအမျိုးသား ၂၁ ဦးနဲ့ အမျိုးသမီး ရှစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကို အလုပ်ရှာဖို့ သွားသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယာဉ်မောင်းရဲ့ ပြောဆိုချက်အရ ဒီရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံတောင်ဘက် နယ်စပ်ကို ပို့ဆောင်ပေးဖို့ ထိုင်းပွဲစားတစ်ဦးဆီကနေ တစ်ဦးကို ဘတ်ငွေ ၁၅ဝဝ ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီမြန်မာနိုင်ငံသားတွေဟာ မလေးရှားနိုင်ငံက ပွဲစားတစ်ဦးကနေတစ်ဆင့် ထိုင်းပွဲစားဆီ ချိတ်ဆက်ထားတာလို့ ဆိုပါတယ်။ ထိုင်းယာဉ်မောင်းအပါအဝင် သူတို့အားလုံးကို လက်ရှိ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတင်းက ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org