ရခိုင်တိုင်းရင်းသား ခေါင်းဆောင် များကို လုပ်ကြံမှု မလေးရှား ရဲတပ်ဖွဲ့ စတင်စုံစမ်း

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ် တဲ့ ဒေါက်တာအေးမောင်နဲ့ ဦးအေး သာအောင်တို့ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း သေနတ် သမားရဲ့ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေး မှုတွေ လုပ်ဆောင်နေပြီလို့ မလေးရှား မှုခင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်တို့ ရွှေတိဂုံဘရား အရှေ့ဖက်မုဒ်မှာရှိတဲ့ ရခိုင်ပြည်နယ်ဓမ္မာရုံ ဖေဖော်ဝါရီလ ၇ ရက်နေ့က သတင်းစာရှင်းလင်းနေစဉ် photo: RFA/ Nay Myo Htun

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးဖြစ် တဲ့ ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်တို့ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း သေနတ်သမားရဲ့ လုပ်ကြံမှုနဲ့ ပတ်သက်ပြီး အထူးစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ မလေးရှား မှုခင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲဒီလုပ်ကြံမှုရဲ့ အဓိကအကြောင်းရင်းဟာ မြန်မာနိုင်ငံ မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကိုအခြေခံကြောင်း ကွာလာလမ်ပူမြို့ မှုခင်းရဲတပ်ဖွဲ့ အကြီးအကဲ ခါရီဟာဆာ Khairi Ahrasa က ပြောပါတယ်။ လုပ်ကြံမှုဖြစ်ခဲ့တဲ့ဝန်းကျင်က CCTV ဗီဒီယိုမှတ်တမ်းခွေကို အခြေခံပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီလုပ်ကြံမှုဖြစ်ခဲ့ပြီး နောက်တစ်နေ့ မှာ မြန်မာနိုင်ငံသားတစ်ဦး လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရတာနဲ့ ဆက်စပ်မှု ရှိမရှိ ဆိုတာကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒေါက်တာအေးမောင်နဲ့အဖွဲ့ကို မော်တော်ဆိုင်ကယ်နဲ့ လိုက်လံလုပ်ကြံခဲ့တဲ့ ဆိုင်ကယ်သမားနှစ်ဦးကို ဖော်ထုတ်နိုင်ဖို့အတွက် မလေးရှား မှုခင်းရဲတပ်ဖွဲ့နဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ လည်း ဆက်သွယ်ဆောင်ရွက်နေပြီလို့ မှုခင်းရဲတပ်ဖွဲ့ အကြီးအကဲ ခါရီဟာဆာ Khairi Ahrasa က ပြောပါတယ်။

မလေးရှား အာဏာပိုင်တွေ စုံစမ်းဖော်ထုတ်နေတဲ့ အခြေအနေတွေကို ကွာလာလာမ်ပူမြို့အခြေစိုက် မြန်မာတစ်ဦး က အခုလို ပြောပြပါတယ်။

“စစ်ဆေးတာကတော့ စစ်ဆေးနေတယ် ခင်ဗျ၊ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံတွင်းမှာ မြို့ထဲကို အဲလိုသေနတ်ယူလာတယ်ဆိုတော့ သူတို့အစိုးရမှာ အရှက်ရစရာ ဖြစ်ကုန်မယ်ပေါ့ ပြောရမယ်ဆိုလို့ ရှိရင်၊ ဒီ CID က သူတို့နည်းလမ်းနဲ့သူတို့ စစ်ဆေးနေတယ်လို့တော့ ထင်တယ်ခင်ဗျ၊ သူတို့ မြန်မာပြည် က ရဲတွေနဲ့ ပူးပေါင်းပြီးတော့လုပ်မယ် အဲလိုပြောသံတွေတော့ ကြားတယ်ပေါ့”

အဲဒီလုပ်ကြံမှုမှာ မြန်မာနိုင်ငံသား ၅ ဦး ပါဝင် ပတ်သက်နေပြီး၊ လုပ်ကြံမှုဖြစ်ပြီး နောက်တစ်နေ့မှာ ဒီအထဲက ၄ ဦးဟာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ထဲက UNHCR အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူတစ်ဦးကတော့ အခုထိ မလေးရှားနိုင်ငံထဲမှာ ရှိနေဆဲဖြစ်တယ်လို့ မလေးရှား မှုခင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org