မကွေးဝန်ကြီးချုပ်ဟောင်း ကျန်ငွေအားလုံး ပေးသွင်းပြီးဖြစ်

ပြီးခဲ့တဲ့အစိုးရလက်ထက်က မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းတွေကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရွှေသုခအသေးစားငွေချေးလုပ်ငန်းက ရယူထားခဲ့တဲ့ ငွေကျပ်သန်း ၃၀၀၀ ကျော်ကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက တိုင်းဒေသကြီးအစိုးရထံ မနေ့က အပြီးသတ်လွှဲပြောင်းပေးလိုက်ပါတယ်။

ပျောက်ဆုံးနေတဲ့ ရန်ပုံငွေတွေနဲ့ ပတ်သက်ပြီး ဧပြီလ ၂၅ ရက်နေ့က မကွေးတိုင်းအစိုးရအဖွဲ့က သတင်းမီဒီယာတွေကို ရှင်းလင်းစဉ် ဓါတ်ပုံ - ဇော်တူး/RFA

ပြီးခဲ့တဲ့အစိုးရလက်ထက်က မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရေနံလက်ယက်တွင်းတွေကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရွှေသုခအသေးစားငွေချေးလုပ်ငန်းက ရယူထားခဲ့တဲ့ ငွေကျပ်သန်း ၃၀၀၀ ကျော်ကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက တိုင်းဒေသကြီးအစိုးရထံ မနေ့က အပြီးသတ်လွှဲပြောင်းပေးလိုက်ပါတယ်။

ဇူလိုင်လနောက်ဆုံးပတ်မှာ အပြီးပြန်ပေးဖို့ ကတိပေးထားတဲ့အတိုင်း အရစ်ကျပေးခဲ့တာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် ကပြောပါတယ်။

"ပြည်ထောင်စုက ကျနော်တို့ကို ညွှန်ကြားတာက ဒီကြံခိုင်ရေးပါတီကို ပေးတဲ့ငွေပမာဏ၊ ရွှေသုခ အသေးစား ငွေချေးရေးအသင်းကို လွှဲပြောင်းပေးတယ်လို့ပေါ်တဲ့ ငွေပမာဏ အဲဒီစုစုပေါင်း ၃.၂၇၅ ဘီလီယံကို ပြီးခဲ့တဲ့ အစိုးရဟောင်း ဝန်ကြီးချုပ်ဖြစ်တဲ့ ပြန်တောင်းရမယ်၊ ပြန်မပေးဘူးဆိုရင် ဥပဒေအရ အရေးယူရမယ်လို့ ပြည်ထောင်စုက ညွှန်ကြားတဲ့အတွက် ကာယကံရှင် ဦးဘုန်းမော်ရွှေထံကို စာနဲ့ပေးပို့ပြီးတော့မှ ပြန်တောင်းတဲ့အခါမှာ သူတို့ ပြန်စာမှာဖော်ပြတဲ့အတိုင်းပဲ ဇူလိုင်လနောက် ဆုံးအပတ်မှာ ယာဉ်ယန္တားတွေကော ပြန်ပေးရန်ရှိတဲ့ ငွေတွေရော အပြီးပေးမယ်လို့ ပြောတိုင်းအတိုင်း အခု အရစ်ကျပေးခဲ့တာ မနေ့က အားလုံးပြန်ပေးပြီး ဖြစ်ပါတယ်"

ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြီးခဲ့တဲ့အစိုးရလက်ထက်က မကွေးတိုင်းအတွင်း မှာရှိတဲ့ ရေနံလက်ယက်တွင်းတွေကနေရရှိတဲ့ ငွေကျပ် ၂.၈ ဘီလီယံပျောက်ဆုံးနေတယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့တာကို ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်ခဲ့ရာမှာ ၇.၄၅၉ ဘီလီယံ ပေးသွင်းဖို့ ကျန်နေတယ်လို့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အစိုးရက ပေးသွင်းဖို့ ကျန်နေတဲ့ ၇ ဘီလီယံကျော်မှာ ၃ ဘီလီယံကျော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ရွှေသုခ အသေးစားငွေချေးလုပ်ငန်းက ရယူခဲ့တာဖြစ်တာကြောင့် တာဝန်ရှိတဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက အဲဒီငွေကို ၁၁ ကြိမ်ခွဲပြီး အရစ်ကျ ပြန်လည်ပေးသွင်းခဲ့တာ ဖြစ်ပါတယ်။

ကျန်တဲ့ ၄ ဘီလီယံကျော်ကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုခဲ့တယ်လို့ စိစစ်တွေ့ရှိထားတာကြောင့် ဘယ်လို လုပ်ငန်းတွေမှာ သုံးစွဲခဲ့တယ်ဆိုတာကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနဲ့ မကွေးတိုင်းစာရင်းစစ်ချုပ်ရုံးတွေက ဆက်လက်စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org