ဝါးတစ်ရာ စက်မှုဇုန် သစ်အချောထည်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင်မိသားစု ကုမ္ပဏီပိုင် သစ်အချောထည် စက်ရုံက အလုပ်သမား ၂ ရာလောက်ဟာ သတ်မှတ်ထားတဲ့ ရက်အတွင်း စာချုပ် ချုပ်ဆိုပေးဖို့ သဘောတူထားတာကို အလုပ်ရှင်ဘက်က အကောင်အထည် မဖော်ပေးတဲ့အတွက် စက်ရုံဝင်းအတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။
-
2012-10-05 -
-
-
အရင်က အလုပ်သမားတွေ ဆန္ဒပြစဉ်က အလုပ်ရှင်နဲ့ အလုပ်သမားအကြား သဘောတူထားတဲ့ အချက်တွေကို စာချုပ်ချုပ်ဖို့ အကောင်အထည် ဖော်မပေးတဲ့အပြင် အလုပ်သမားတွေအကြား ခွဲခြား ဆက်ဆံနေတဲ့အတွက် ဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမား တစ်ဦးက RFA ကို အခုလို ပြောပါတယ်။
“အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံတာ၊ အလုပ်အဖွဲ့အစည်း တပ်ပြီး ဖွဲ့စည်းမယ်၊ အဲဒီထဲမှာ ပါရမယ့် လူကိုသာ လူမှုဖူလုံရေးကဒ် ထုတ်ပေးမယ်၊ ကျန်တဲ့လူကို ကြားနေတဲ့လူလို့၊ ကျနော်တို့ သမဂ္ဂဘက်ကို ပါတဲ့သူတွေကို လုပ်မပေးဘူးလို့ ပြောတယ်။ ဒါတွေက အလုပ်သမားအချင်းချင်း သွေးထိုးနေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ ဆန္ဒ ဖော်ထုတ်လိုက်တာပါ”
ပြီးခဲ့တဲ့ စက်တင်ဘာလမှာ အလုပ်သမားတွေက တောင်းဆိုချက် ၈ ချက်ကို နှစ်ကြိမ်တိုင်တိုင် ဆန္ဒပြ တောင်းဆိုခဲ့ရာမှာ အလုပ်ရှင်ဘက်က စက်တင်ဘာလ ၂၈ ရက်နောက်ဆုံးထား အကောင်အထည် ဖော်ပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် ယနေ့တိုင် မရရှိသေးတဲ့အတွက် အခုလို ထပ်ပြီး ဆန္ဒပြရတာလို့ သိရပါတယ်။ အလုပ်သမားတွေ တောင်းဆိုတဲ့ အချက်တွေထဲမှာ ဥပဒေနဲ့အညီ တင်ပြထားတဲ့ အလုပ်ရှင်၊အလုပ်သမား သဘောတူစာချုပ်ကို အပြီး ချုပ်ဆိုပေးဖို့၊ လက်ရှိ လုပ်ကိုင်နေတဲ့ စက်ရုံက အလုပ်သမား အားလုံးကို တရားဝင် အလုပ်သမား အဖြစ် သတ်မှတ်ပေးဖို့၊ အလုပ်သမားတွေကို ဖယ်ရီကားတွေ စီစဉ်ပေးဖို့၊ လူမှုဖူလုံရေး ကဒ်တွေ ထုတ်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။