လက်ပံတောင်း သပိတ်စခန်းကို သတိပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ နယ်လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးက ဆည်တည်းရွာမြောက်ဘက်မှာ မနေ့ညက စတင်ဖွင့်ထားတဲ့ သပိတ်စခန်းကို ဖျက်သိမ်းပေး ဖို့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာခဲ့ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ လုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးက ဆည် တည်းရွာမြောက်ဘက်မှာ မနေ့ညက စတင်ဖွင့်ထားတဲ့ သပိတ်စခန်းကို ဖျက်သိမ်းပေးဖို့ လုံခြုံရေး ရဲတပ်ဖွဲ့ ဝင်တွေက ဒီနေ့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာ ခဲ့ပါတယ်။

သပိတ်စခန်းဖွင့်ထားတဲ့နေရာက ပုဒ်မ ၁၄၄ ထုတ်ထား တဲ့နေရာဖြစ်တဲ့အတွက် သပိတ်စခန်းကို ဖျက်ပေးဖို့ နဲ့ ခြံစည်းရိုးခတ်တာကို မနှောင့်ယှက်ဖို့ ကြေညာ တာဖြစ်တယ်လို့ ဆည်တည်းကျေးရွာသူ မနွယ်နွယ်ဝင်း က ပြောပါတယ်။

" အခုစခန်းချထားတဲ့ နေရာက ပုဒ်မ ၁၄၄ ထုတ် ထားတဲ့နေရာဖြစ်တယ်၊ စီမံကိန်းဧရိယာလည်းဖြစ် တယ်၊ အဲ့တော့ ခြံစည်းရိုးပြန်ခတ်မယ်ပေါ့၊ အဲ့လိုခတ်တဲ့အခါမှာ လာပြီးတော့မနှောင့်ယှက်ဖို့ရယ်၊ လူစုအမြန်ခွဲပေးဖို့ဆိုပြီးတော့ အော်တယ်၊ ညီမတို့ဘက်ကတော့ လျော်ကြေးလုံးဝယူထားခြင်းမရှိတဲ့ လယ်ယာတွေကို ခြံစည်းရိုးခတ်တာကို လက်မခံနိုင်ဘူး၊ ညီမတို့အနေနဲ့ ငြိမ်းချမ်းစွာ တောင်းဆိုသွားမယ်ပေါ့၊ ဆက်ပြီးသူတို့က လူစုခွဲခိုင်းလည်း ညီမတို့ ဆက်ပြီးတောင်းဆိုသွားမှာပဲ၊ သူတို့ကတော့ လုံထိန်းအင်အားအပြည့် နဲ့ နေရာယူထားတယ်၊ ညီမတို့ ဒေသခံတွေကတော့ လူစုမခွဲဘူး၊ ဒီတိုင်းပဲနေနေတယ်၊ ညီမတို့မနေ့က ဖြိုထားတဲ့နေရာတွေကို သူတို့ကခြံစည်းရိုး ပြန်လာခတ်တယ်ဆိုရင် ညီမတို့ကတော့ ငြိမ်းချမ်းစွာ တောင်းဆို ပြီးတော့ သူတို့ကိုအကြမ်းမဖက်ဖို့ ညီမတို့ကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသွားမှာပါ"

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအဖြစ် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ လယ်ယာမြေတွေ ထဲက လျော်ကြေးမယူထားတဲ့ ဆည်တည်းရွာမြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂၀၀ လောက်က မနေ့က ဖြိုဖျက်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဒေသခံတွေရဲ့ သပိတ်စခန်းအနီးမှာ ရဲတပ်ဖွဲ့အင်အား ၂ဝဝ ကျော်လောက်ကို လုံခြုံရေးချထားပါတယ်။

ဒီလ ၂၂ ရက်နေ့က လျော်ကြေးမယူထားတဲ့ လယ်ယာမြေနေရာတွေကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်တာကို တားမြစ်ခဲ့တဲ့ လယ်သမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး မိုးကြိုးပြင်အလယ်ရွာ က တောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံးခဲ့သလို ရွာသား ၁ဝ ယောက်ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီအတောအတွင်း ကျောက်ပန်းတောင်းမြို့နယ်က သံဃာတော် အပါး ၂ဝဝ ကျော်လောက်နဲ့ ဒေသခံ ၅ဝ လောက် က လက်ပံတောင်းတောင်မှာ ပဋိပက္ခတွေ ထပ်မံမပေါ်ပေါက်ဖို့အတွက် ဒီနေ့ ကျောက်ပန်းတောင်းမြို့ကို တစ်ပတ် ပတ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org