လက်ပံတောင်း ဒေသခံတွေ ဆက်လက်ဆန္ဒပြမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအဖြစ် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ လယ်ယာမြေတွေ ထဲက လျော်ကြေးမယူထားတဲ့ ဆည်တဲရွာမြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဖြိုဖျက်ပြီး ဒီညအထိ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသက ရွာသူရွာသားတချို့ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအဖြစ် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ လယ်ယာမြေတွေထဲက လျော်ကြေးမယူထားတဲ့ ဆည်တဲရွာမြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဖြိုဖျက်ပြီး ဒီညအထိ ဆန္ဒပြမယ် လို့ ဒေသခံတွေက ပြောပါတယ်။

လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ထွန်ယက် စိုက်ပျိုးချင်တာကြောင့် ခြံစည်းရိုးကိုဖြိုဖျက်တာလို့ ဆည်တဲရွာသူ မနွယ်နွယ်ဝင်းက ပြောပါတယ်။

"တုံရွာတို့၊ ဆည်တည်းတို့၊ မိုးကြိုးပြင်ရွာဒေသခံတွေ က အဓိက ညီမတို့လျော်ကြေးလုံးဝယူထားခြင်း မရှိတဲ့ လယ်ယာမြေတွေကို ညီမတို့ပြန်လည်ထွန် ချင်တယ်၊ ကိုယ့်လယ်ယာမြေမှာကိုယ် ပြန်လိုချင် တယ်ပေါ့၊ အဲ့ဒီအတွက် သွပ်ဆူးကြိုးတွေချပြီးတော့ ညီမတို့ဘာသာညီမတို့ တုတ်၊ ဓါးလက်နတ်မပါဘူး ညီမဘာသာညီမတို့ ရအောင်ဖြိုတယ်၊ ရဲအင်အား ၂ဝဝ၊ ၃ဝဝ လောက်က မြေစာပုံကို အကာအကွယ်ယူပြီးတော့ ဒေသခံတွေကိုလောလောဆယ် သေ နတ်တွေနဲ့ ချိန်ထားတယ်ပေါ့၊ အခုလက်ရှိအခြေအနေမှာ ညီမတို့က ကိုယ့်လယ်ယာမြေမှာ ကိုယ်ရရှိဖို့ အတွက် သပိတ်စခန်းချပြီးတော့ ညအထိ ကျမတို့ သပိတ်စခန်းဖွင့်ဖို့ အစီအစဉ်ရှိပါတယ်"

ဆည်တည်း၊ တုံရွာ နဲ့ မိုးကြိုးပြင်ရွာက ဒေသခံတွေက လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့ ၊ ဒေါ်ခင်ဝင်းသေဆုံးမှုကို ဖော်ထုတ်အရေးယူပေးဖို့၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေး ဖို့ တောင်းဆိုဆန္ဒပြကြ တာဖြစ်ပါတယ်။ ဆည်တဲရွာမြောက်ဘက် လယ်ကွင်းထဲမှာ သပိတ်စခန်းဖွင့်ဘို့ ဆုံးဖြတ် လိုက်တယ်လို့ လက်ပံတောင်းတောင်ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီကျော်မကစပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း နေရာသုံးခု မှာ ဆန္ဒပြကြရာမှာ ဆည်တဲရွာမြောက်ဘက် ဝမ်ပေါင်ကုမ္ပဏီကကာထားတဲ့ ခြံစည်းရိုးတွေကို ဒေသခံတွေက ဆွဲခွာပြီး အတွင်းကိုဝင်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ခဲ့ပါတယ်။ သေနတ်သံကြားရတဲ့ အတွက် တခြားနေရာတွေမှာ ဆန္ဒပြသူတွေပါ ဆည်တည်းရွာအနီးကို စုရုံးရောက်ရှိလာပြီး ခြံစည်းရိုးအတွင်းဝင်ပြီး ထိုင်သပိတ်မှောက်ကြတယ်လို့ ဆည်တည်းရွာက ကျောင်းထိုင်ဆရာတော် ဦးအာလောက က မိန့်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သပိတ်မှောက်သူတွေနဲ့ ပေ ၃၀ အကွာလောက်မှာပဲရှိနေကြပြီး ဒိုင်းကာရဲ တစ်ယောက် သေနတ်ကိုင်ရဲတစ်ဦး စသဖြင့် ၂ ဦးတစ်တွဲစီ နေရာယူထားတယ်လို့ ဆိုပါတယ်။ စုစုပေါင်း လုံထိန်း တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိပြီး သပိတ်မှောက်သူအင်အား ၄၀၀ ကျော်တယ်လို့ မျက်မြင်သက်သေတွေ က ပြောပါတယ်။ ညနေပိုင်းမှာ လုံထိန်တပ်ဖွဲ့တွေအပြင် ဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးတွေ ထပ်မံရောက်ရှိလာပြီး ဆန္ဒပြသူတွေကို ဝိုင်းတဲ့ပုံစံမျိုး ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒီနေ့မှာပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်လောက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။

သပိတ်မှောက်နေတဲ့ ဒေသခံ ကိုအောင်ကြီးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org