ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ပထမဆုံးစာတစ်စောင် မိသားစုလက်ခံရရှိ
စစ်တပ်အာဏာသိမ်းသုံးနှစ်ကြာ ထောင်ထဲမှာနေနေရပေမဲ့ အခုအချိန်ထိ စိတ်ဓာတ်ကြံ့ခိုင်လျက်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က စာထဲမှာရေးထားပါတယ်။
-
RFA Burmese
2024-01-31 -
-
-
နေပြည်တော်ထောင်မှာ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ပထမဆုံးအကြိမ် မိသားစုဆီရေးတဲ့ စာတစ်စောင် လက်ခံရရှိတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ မိသားစု သာကြောင်း မာကြောင်းစာ ဖြစ်တယ်လို့ ဒီနေ့ RFA နဲ့ သီးသန့်မေးမြန်းရာမှာ ကင်မ်အဲရစ်က ထုတ်ဖော်ပြောဆိုပါတယ်။
စစ်တပ်အာဏာသိမ်းသုံးနှစ်ကြာ ထောင်ထဲမှာနေနေရပေမဲ့ အခုအချိန်ထိ စိတ်ဓာတ်ကြံ့ခိုင်လျက်ရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က စာထဲမှာရေးထားပါတယ်။
"ဒါအာဏာသိမ်းပြီးနောက် ကျွန်တော် မေမေ့ဆီကနေ ပထမဆုံးအသံကြားရတာပါပဲဗျာ။ စာကတော့ ကျွန်တော်တို့ မိသားစုအတွင်း ရေးတဲ့စာပါပဲ။ မိသားစုဝင်တွေ အားလုံးကို ချစ်တဲ့အကြောင်းနဲ့ သူကိုယ်တိုင်လည်း ကြံ့ကြံ့ခံလျက်ရှိကြောင်း ရေးထားပါတယ်။ အသက်အရွယ်ကြောင့် အရင်တုန်းကလောက် ကျန်းမာရေးမကြံ့ခိုင်တော့ပေမဲ့ စိတ်ဓာတ်ကတော့ မာကျောနေတုန်းပဲလို့ ရေးထားပါတယ်"
အဲဒီစာကို ဇန်နဝါရီလလယ်ပိုင်းမှာ ဗြိတိန်နိုင်ငံခြားရေးဌာနကနေ တစ်ဆင့်ရရှိခဲ့တာလို့ ဆိုပါတယ်။ စာထဲမှာပါတဲ့ အသေးစိတ်ကိုတော့ မိသားစုအရေးဖြစ်လို့ ကင်မ်အဲရစ်က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းတဲ့၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်က နေအိမ်မှာ ဖမ်းဆီးခံလိုက်ရပြီး လူမြင်ကွင်းကနေ ပျောက်ကွယ်သွားတာ ဒီနေ့ဆိုရင် သုံးနှစ်တိတိ ရှိပါပြီ။
မိခင်ဖြစ်သူနဲ့ တွေ့ခွင့်ရဖို့ သားဖြစ်သူဘက်က အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက ဘာမှတုံ့ပြန်ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာ သားဖြစ်သူဟာ ဆေးဝါးအသုံးအဆောင်ပစ္စည်းတွေ ပို့ပေးခဲ့ပြီး အဲဒီအသုံးအဆောင်တွေကို လက်ခံရရှိတယ်ဆိုတဲ့အကြောင်း စာထဲမှာ ရေးထားတယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခဏ သွားကိုက်တာနဲ့ လည်ပင်းကျီးပေါင်းတက်တာက လွဲရင် ကျန်းမာရေးကောင်းတယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့်ရဖို့ ဆက်လက်ကြိုးစားနေတယ်လို့လည်း သားဖြစ်သူ ကင်မ်အဲရစ်က ပြောပါတယ်။