လက်ပံတန်းမှာ PDF ထောက်ပို့ စွပ်စွဲချက်နဲ့ သုံးဦး အသတ်ခံရ

လက်ပံတန်းမြို့နယ်မှာ ဆိုင်ကယ်အငှားမောင်းတဲ့ အမျိုးသားသုံးဦးကို ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်ပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့တစ်နေရာအား တွေ့ရစဉ်။ Letpadan City Photo

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ ဆိုင်ကယ်အငှားမောင်းတဲ့ အမျိုးသားသုံးဦးကို ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ်လ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ မင်းလှမြို့နယ် ငလှစမ်းရွာနဲ့ လက်ပံတန်းမြို့နယ် မအူတန်းရွာမှာ နေထိုင်တဲ့ အသက် သုံးဆယ်ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့က မအူတန်းရွာကနေ ငှက်ပျောတုံးရွာကို ဆန်အိတ်တွေ သယ်လာတဲ့ ဆိုင်ကယ်အငှားမောင်းသူ သုံးဦးကို စစ်ကောင်စီတပ်သားတွေက လမ်းမှာဖမ်းဆီးပြီး ပစ်သတ်လိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"မအူတန်းက ဆန်ဆိုင်ကနေ ငှက်ပျောတုံးရွာက လူတွေက ဆန်ဝယ်တာကို ကယ်ရီပို့ပေးကြတာ။ ဈေးဆိုင်ကဆန်အိတ်တွေ ပို့ပေးတာပါဆိုပြီး ဆန်ဆိုင်ကလူရော၊ ဘေးကလူတွေပါ အာမခံပေးတာကို မရဘူး"

လက်ပံတန်းနဲ့ မင်းလှမြို့နယ်အစပ်မှာရှိတဲ့ ငှက်ပျောတုံးရွာမှာ မကြာခဏ တပ်စွဲတဲ့ စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက RFA ကို ပြောပါတယ်။

အဲဒီသတ်ဖြတ်မှုအပြီး ဩဂုတ်လ ၂၄ ရက်မှာ ငှက်ပျောတုံးရွာနဲ့ သုံးမိုင်ခန့်အကွာ ရေငံရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်သား နှစ်ဆယ်ကျော်သေဆုံးပြီး ဆယ်ဦးဖမ်းမိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

ဖမ်းမိထားသူတွေအထဲ ဒီသတ်ဖြတ်မှုမှာ ကျူးလွန်သူတွေ ပါဝင်လားဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အရပ်သား ၅၅၄၃ ဦး သတ်ဖြတ်ခံရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org