မြန်မာ့ပြုပြင်ပြောင်းလဲမှု သင်ခန်းစာယူဖို့ မြောက်ကိုရီးယားကို သမ္မတ လီမြောင်ဘတ် တိုက်တွန်း
မြောက်ကိုရီးယား အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သင်ခန်းစာယူပြီး တိုင်းပြည်ကို အမှောင်ချထားရာကနေ ရုန်းထွက်ဖို့ တောင်ကိုရီးယားသမ္မတ Lee Myung-Bak က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
-
2012-06-06 -
-
-
ဒီကနေ့ ကျရောက်တဲ့ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်ပွဲကာလအတွင်း သေဆုံးသွားကြသူ စစ်သည်တွေအတွက် အောက်မေ့ဘွယ်အခမ်းအနားမှာ သမ္မတ လီမြောင်ဘတ်က အဲဒီလို မြန်မာနိုင်ငံက အတွေ့အကြုံကို သင်ခန်းစာယူဖို့ မြောက်ကိုရီးယားကို တိုက်တွန်းလိုက်တာပါ။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေဟာ "ရှောင်လွဲှလို့မရတဲ့ လမ်းကြောင်းအတိုင်း" သွားနေတာ ဖြစ်တယ်လို့လည်း သမ္မတ လီမြောင်ဘတ်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အတိတ်မှာတုန်းက မြောက်ကိုရီးယားလိုပဲ နိုင်ငံတကာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာရယ်၊ ဆိုရှယ်လစ်စနစ် စီးပွားရေး စနစ်ကျင့်သုံးခဲ့တာရယ်ကြောင့် လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၇၀၀ လောက်သာ ရှိခဲ့ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။
အခုအခါမှာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်လာတဲ့ လွတ်လပ်မှုအခွင့်အရေးနဲ့ ပြုပြင်ပြောင်းလဲမှု ရေစီးကြောင်းဟာ မြန်မာနိုင်ငံကိုလည်း ရောက်ရှိနေပြီဖြစ်ပြီး အဲဒီ ရေစီးကြောင်းကို ဘယ်လိုအင်အားမျိုးကမှ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သမ္မတ လီမြောင်ဘတ်က ပြောပါတယ်။
မိမိအနေနဲ့ ပြီးခဲ့တဲ့လ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်မှာ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး အကူအညီတောင်းခံခဲ့ကြောင်း၊ အဲဒီ တောင်းဆိုချက်ကတော့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ အနေနဲ့ သမိုင်းစာမျက်နှာသစ် ဖွင့်လှစ်ဖို့ တိုက်တွန်း ပေးစေလိုကြောင်း သမ္မတ ဦးသိန်းစိန်ကို ပြောခဲ့တယ်လို့ သမ္မတ လီမြောင်ဘတ်က ပြောကြားသွားပါတယ်။