တရားရုံး အဆောက်အအုံ ပုဂ္ဂလိကလွဲပြောင်းမှု ရှေ့နေများ ကွန်ရက် ကန့်ကွက်ဆန္ဒပြ

ရန်ကုန်မြို့လယ်မှာ ရှိတဲ့ ကိုလိုနီခေတ် လက်ရာ တရားရုံးတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေလက်ထဲ လွှဲပြောင်းပေးလိုက်တဲ့ ကိစ္စအပေါ် ကန့်ကွက်ကြတဲ့ ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် (၂၀၀) လောက်ဟာ ဒီကနေ့ မနက် ၁၀ နာရီက မဟာဗန္ဓုလ ပန်းခြံလမ်းက တရားလွှတ်တော်ရှေ့မှာ စုဝေးပြီး၊ စုပေါင်း တိုင်းတရားရုံး အထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့ရှိ ကိုလိုနီခေတ်လက်ရာ တရားရုံးများအား ပုဂ္ဂလိကလုပ်ငန်းရှင်များထံ လက်လွှဲပြောင်းပေးလိုက်သည့် အပေါ် ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် (၂၀၀) ခန့်က တိုင်းတရားရုံးရှေ့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့က ကန့်ကွက် ဆန္ဒပြနေကြစဉ်။ RFA

ရှေ့နေများကွန်ယက်ရဲ့ သဘောထား ထုတ်ပြန်ချက်တွေကို တရားလွှတ်တော် အဆောက်အဦးရှေ့မှာ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီက အခုလို ကြေငြာခဲ့ပါတယ်။။

" တရားရုံး အဆောက်အအုံကို တရားရုံးအနေနဲ့ ဆက်ပြီး မထားတော့ဘဲ ပြတိုက်အဖြစ် ပြောင်းရလောက်အောင် ကျွန်တော်တို့ရဲ့ အခြေအနေ ဆိုးနေပြီလား။ ဒါလည်းပဲ ကျွန်တော်တို့ သိချင်ပါတယ်။ ဒီလိုမျိုး အစဉ်အဆက် တရားလွှတ်တော်၊ တရားရုံးချုပ်အနေနဲ့ အသုံးပြုခဲ့တဲ့ အဆောက်အအုံကြီးကို ဒီကနေ့ အဆောက်အအုံရဲ့ အပေါ်ဆုံးအထပ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ပေးလိုက်တဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်ကျက်သရေ တက်သွားသလား၊ ဆုတ်ယုတ်သွားသလား ဆိုတာလည်းပဲ ကျွန်တော်တို့ သိချင်ပါတယ်။ ကျွန်တော်ပြောတာဟာ ရှေ့နေကွန်ရက်အပြင်၊ ပြည်သူ တစ်ရပ်လုံး သိချင်တဲ့ မေးခွန်းတွေ ဖြစ်တယ်ဆိုတာ ကျွန်တော် ဒီနေရာကနေ ပြောလိုပါတယ်။ "

ဒီကနေ့ ဆန္ဒပြပွဲမှာ ရန်ကုန်တိုင်းဒေသကြီးက ရှေ့နေတွေအပါအဝင် တခြားပြည်နယ်နဲ့ တိုင်းတွေက ရှေ့နေတွေပါ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ခွင့်ပြုချက် ရယူပြီး ရှေ့နေများကွန်ရက်က ပထမဆုံးအကြိမ် ကျင်းပတဲ့ ဆန္ဒပြပွဲ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org