အစာငတ်ခံဆန္ဒပြခဲ့တဲ့ ကျောင်းသားကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်
ပညာရေးဝန်ကြီးဌာနကို တောင်းဆိုချက် ၇ ချက်တောင်းဆိုပြီး လားရှိုးနည်းပညာတက္ကသိုလ်ရှေ့နဲ့ လားရှိုးမြို့နယ်ခန်းမရှေ့မှာ ၆ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်ကို လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။
-
2018-12-23 -
-
-
ပညာရေးဝန်ကြီးဌာနကို တောင်းဆိုချက် ၇ ချက်တောင်းဆိုပြီး လားရှိုးနည်းပညာတက္ကသိုလ်ရှေ့နဲ့ လားရှိုးမြို့နယ် ခန်းမရှေ့မှာ ၆ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စောဟန်ကို လားရှိုးမြို့နယ် အမှတ် ၁ ရဲစခန်းက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်ပါတယ်။
ကိုစိုင်းကျော်စောဟန်ဟာ ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကျောင်းရန်ပုံငွေအတွက် ပစ္စည်းရောင်းချတာတွေကို အရေးယူပေးဖို့၊ ကျောင်းပြောင်းတဲ့အခါ အုပ်ချုပ်ရေးအဖွဲ့က အလွယ်တကူ ပြောင်းခွင့်မပေးတာတွေ၊ လားရှိုးမြို့ နည်းပညာတက္ကသိုလ် ကျောင်သားများသမဂ္ဂအဖွဲ့ အလံသိမ်းယူခံရတာတွေနဲ့ စာမေးပွဲရလဒ် မမျှတမှုတွေကို စိစစ်ပေးဖို့အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုဆန္ဒပြနေတာဖြစ်ပါတယ်။
ကိုစိုင်းကျော်ဇောဟန်ဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး လားရှိုးမြို့နည်းပညာတက္ကသိုလ်ရှေ့မှာ ဆန္ဒပြနေပေမယ့် ထူးခြားမှုမရှိတာကြောင့် လားရှိုးမြို့နယ်ခန်းမရှေ့ကို မနေ့က ပြောင်းရွှေ့ဆန္ဒပြရာမှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
တောင်းဆိုချက် ၇ ချက်ထဲက ရန်ပုံငွေပစ္စည်း အတင်းအကြပ်ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စုံစမ်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုစုံစမ်းရာမှာ ကျောင်းအသင်းအဖွဲ့ ရန်ပုံငွေအတွက် ရောင်းချတာဖြစ်ပြီး အတင်းအကြပ်ရောင်းချတာ မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အကြောင်း လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂထံ အကြောင်းပြန်ကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအကြောင်းပြချက်ဟာ ခိုင်လုံမှုမရှိဘဲ လက်တွေ့အခြေအနေဟာ ကျောင်းကရောင်းတဲ့ ပစ္စည်းတွေမဝယ်ယူရင် ကျောင်းအပ်ဖို့ လျှောက်လွှာမထုတ်ပေးတဲ့ အခြေအနေဖြစ်နေကြောင်း လားရှိုးနည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် နန်းမွေနန်းလျမ်က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။