လားရှိုးထောင်အနီး နေအိမ်တချို့ကို အင်အားသုံးဖယ်ရှား

ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်အနီးက နေအိမ်သုံးလုံးဟာ ထောင်မြေ နယ်နိမိတ်ထဲ ပါနေတယ်ဆိုပြီး အကျဉ်းထောင်တာဝန်ရှိသူက ဒီကနေ့မနက်မှာ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။ လားရှိုးမြို့ရပ်ကွက် ၁၂ မဉ္ဇူလမ်းနဲ့ ခေးနင်းလမ်း ကြားက အဲဒီအိမ်တွေကို အစိုးရအိမ်ဥပစာဥပဒေအရ ဖယ်ရှားခိုင်းခဲ့တာလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ လားရှိုးအကျဉ်းထောင်အနီးက ထောင်မြေနယ်နိမိတ်ထဲ ပါနေတယ်ဆိုတဲ့ အိမ်သုံးလုံးကို ၂ဝ၂ဝ သြဂုတ် ၅ ရက်နေ့က အင်အားသုံးဖယ်ရှားနေစဥ်။ Photo: Khan Thar/RFA

ရှမ်းပြည်နယ်၊ လားရှိုးအကျဉ်းထောင်အနီး အိမ်သုံးလုံးဟာ ထောင်မြေ နယ်နိမိတ်ထဲ ပါနေတယ်ဆိုပြီး အကျဉ်းထောင်တာဝန်ရှိသူက ဒီကနေ့မနက်မှာ အင်အားသုံးဖယ်ရှားခဲ့ပါတယ်။

လားရှိုးမြို့ ရပ်ကွက် ၁၂ မဉ္ဇူလမ်းနဲ့ ခေးနင်းလမ်းကြားက အဲဒီအိမ်တွေကို အစိုးရအိမ်ဥပစာ ဥပဒေနဲ့ သတိပေးစာပေးပြီး ဖယ်ရှားခိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖယ်ရှားခံရတဲ့နေအိမ်တွေမှာ နေထိုင်သူတွေကတော့ အဲဒီနေရာဟာ အကျဉ်းထောင်မရောက်ခင် ၁၉၆၅ထဲက တောင်ယာမြေအနေနဲ့ ဒေသခံတွေ လုပ်ကိုင်စားခဲ့ကြတာဖြစ်ပြီး အဆင့်ဆင့်ပြန်လည်ဝယ်ယူနေထိုင်ခဲ့ကြတာလို့ ပြောပါတယ်။

၂၀၁၅ ဇွန်လမှာ နေအိမ်ဆယ်လုံးကျော်ကို ထောင်ဧရိယာမှာပါလို့ ဖယ်ပေးဖို့ ပြောဆိုခဲ့ပြီး လိုက်နာဖို့ ငြင်းဆန်သူကို နယ်မြေကျူးကျော်မှု ပုဒ်မ ၄၄၇နဲ့ အကျဉ်းထောင်တာဝန်ရှိသူက တရား နှစ်ကြိမ်စွဲခဲ့ရာမှာ ဒဏ်ငွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဖယ်ရှားခံရသူတွေဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနကို အယူခံတက်ခဲ့ရာ ၂၀၂၀ ဇူလိုင်လမှာ ရန်ကုန်မှာရှိတဲ့ အိုးအိမ်နဲ့စီမံကိန်းဌာနမှာ အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ပေမယ့်လည်း ပလပ်ခံခဲ့ရတယ်လို့ ရှေ့နေ က ပြောပါတယ်။

ဖယ်ရှားခံရသူတွေဟာ ထောင်ဝန်ထမ်း အငြိမ်းစားမိသားစုတွေ၊ လက်လုပ်လက်စားနဲ့ ဈေးသည်မိသားစုတွေ ဖြစ်ပါတယ်။

ဒီကနေ့မနက်မှာတော့ ထောင်ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့နဲ့အကျဉ်းသားတွေ စုစုပေါင်း အင်အားနှစ်ရာလောက်နဲ့ ဖယ်ရှားခဲ့တာပါ။

သူတို့နေအိမ်တွေ ထောင်ဧရိယာနဲ့မလွတ်လို့ဆိုပြီး ဖယ်ရှားခံခိုင်းရပေမယ့် ဘေးနာကနေအိမ်တွေကတော့ ဂရမ်လျှောက်လို့ရတဲ့ အခြေအနေဖြစ်နေတာဟာ ဥပဒေကြောင်းအရလွဲမှားနေတယ်လို့ ဖယ်ရှားခံရတဲ့ မိသားစုတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လားရှိုးအကျဉ်းထောင်လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးကို RFA က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆက်သွယ်မေးမြန်းရာမှာတော့ အကျဉ်းထောင်နယ်မြေဧရိယာမှာ ပါဝင်လို့ ဖယ်ရှားခိုင်းတာဖြစ်ကြောင်း၊ ပါဝင်တဲ့နေအိမ် ၁၉ လုံးလောက်ရှိနေပြီး တချို့က ဖယ်သွားပြီဖြစ်ကြောင်း ပြောထားပါတယ်။

အကျဉ်းထောင်ဘေးက မဉ္ဇူလမ်းဟာ လားရှိုးမြို့ရပ်ကွက် ၉ ခေးနင်းရွာနဲ့ ရပ်ကွက် ၁၂ ကို ဆက်သွယ်ထားတဲ့လမ်းဖြစ်ပါတယ်။ အကျဉ်းထောင်က သူတို့ဧရိယာထဲပါတယ်ဆိုပြီး ၂၀၁၉ နိုဝင်ဘာမှ ကျောက်တိုင်စိုက်၊ လမ်းပိတ်ခဲ့လို့ ခေးနင်းရွာက တောင်သူနှစ်ဆယ်ကျော်က လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ကြပါသေးတယ်။

ဒီကနေ့မှာလည်း ကျေးရွာလမ်းကို တံခါးပိတ်ပြီး နေအိမ်တွေကို ဖယ်ရှားခဲ့တာကြောင့် နောက်ပိုင်းမှာ လမ်းပိတ်သွားမှာကို ကျေးရွာသားတွေက စိုးရိမ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org