လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

လားရှိုးမြို့မှာ ဇူလိုင်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ MNDAA တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ ထွက်ပြေးလာကြသူများအား စဉ့်အင်ရွာ ဖောင်ဆိပ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဇူလိုင်လ ၂၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့အဝင် မုခ်ဦးအနီးက စစ်ကောင်စီရဲ့ ခလရ (၄၁) တပ်ရင်းကို MNDAA က ဝင်ရောက်တိုက်ခိုက်နေပြီး ဒီမနက်အထိ လားရှိုးမြို့အထွက်နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုဖြစ်နေတာက မြို့အဝင် မုခ်ဦးနားမှာ ဖြစ်နေတာ။ အဲဒီမှာ စစ်တပ် (၄၁) တပ်ရင်းရှိတယ်။ အပြန်အလှန် ပစ်နေကြတာ မနေ့ညကတည်းက မနားဘူး။ လက်နက်ကြီးတွေက မြို့အတွင်းပိုင်းကို ဆက်တိုက်ကျလာတယ်ဗျ"

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မြို့ပေါ်ရပ်ကွက်တချို့မှာ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ဆက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

လားရှိုးမြို့နဲ့ ခုနှစ်မိုင်အကွာ မယ်ဟန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း မြို့အဝင်နေရာတွေကို ပြန်ဆုတ်ခွာလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့ကတော့ လားရှိုးမြို့ ခမရ (၅၀၇) တပ်စခန်း၊ မြို့အထွက်က ခလရ (၄၁) တပ်စခန်းနဲ့ လားရှိုးဘူတာအနီးက စစ်ကောင်စီ တပ်စခန်းတွေအနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း လားရှိုးမြို့အထွက်နေရာတွေကို လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

MNDAA ကတော့ ဇူလိုင်လကုန်အထိ ထိုးစစ်တွေရပ်ထားမယ်လို့ ကြေညာထားမဲ့ လားရှိုးမြို့နဲ့ အနီးတစ်၀ိုက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။

တိုက်ပွဲကြောင့် လားရှိုးမြို့ လူဦးရေ တစ်သိန်းကျော် နမ့်လန်၊ ရပ်စောက်၊ တန့်ယန်း၊ မိုင်းရယ်၊ ဟိုပန်၊ ပြင်ဦးလွင် စတဲ့ မြို့တွေအပါအဝင် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org