လားရှိုးမြို့ ခမရ (၅၀၇) တပ်အနီး တိုက်ပွဲပြင်းထန်နေ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက်က စစ်ကောင်စီရဲ့ ခမရ (၅၀၇) တပ်စခန်းအနီးမှာ ဇူလိုင်လ ၁၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
-
RFA Burmese
2024-07-16 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက်က စစ်ကောင်စီရဲ့ ခမရ (၅၀၇) တပ်စခန်းအနီးမှာ ဇူလိုင်လ ၁၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကိုးကန့်က (၅၀၇) တပ်ကို သိမ်းဖို့ လုပ်နေပုံရတယ်။ အခုအထိ ဖြစ်နေတုန်းပဲ။ အသေးအကြီး စုံနေတာပဲ ပစ်နေတာ။ မြို့အထွက်ဘက်ကိုလည်း ပစ်နေတယ် စစ်တပ်က”
ဒီမနက်မှာ လားရှိုးမြို့အဝင် မုခ်ဦးအနီးက နတ်ရေကန် ဘုန်းကြီးကျောင်းနေရာအထိ MNDAA တပ်ဖွဲ့တွေ ရောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ လားရှိုးမြို့ကတပ်တွေထံ စစ်အင်အား ထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်။
ဒီမနက်အထိ လားရှိုးမြို့ အရှေ့ဘက်က ခလရ (၆၈) တပ်စခန်း၊ မြို့အနောက်ဘက် နမ္မတူ စစ်ဆေးရေးဂိတ်အကျော်က နောင်လိုင်ရွာ၊ မြို့ အမြောက်ဘက်မှာရှိတဲ့ ခမရ (၅၀၇) တပ်စခန်းတွေ အနီးအထိ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စိုးမိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ပေါ်မှာ ကျန်နေသေးတဲ့ ဒေသခံတွေလည်း ဒီနေ့မှာ မြို့ကနေ ဆက်လက်ထွက်ခွာနေကြပါတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရသူနဲ့ MNDAA ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
MNDAA နဲ့ TNLA ဘက်ကတော့ တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကြောင့် လေးရက်အကြာ ထိုးစစ်တွေ ရပ်ထားမှာဖြစ်ပြီး စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာရင် ပြန်လည် တိုက်ခိုက်မယ်လို့ ဇူလိုင်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စတင်ခဲ့တဲ့ "၁၀၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲမှာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မန္တလေးတိုင်းက မြို့နယ်တချို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်မြင့်တက်နေပါတယ်။