ဖားကန့်မှာ မြေစာပုံပြိုကျတာကြောင့် ဒေသခံနှစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးက နွံကန်မှာ မေလ ၂၅ ရက်နေ့ မနက်ပိုင်းက မြေစာပုံပြိုကျတာကြောင့် ရေမဆေး‌ကျောက်ရှာသူနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ပြည်သူ့ဆေးရုံကို ၂၀၂၀ ပြည့်နှစ်အတွင်း တွေ့ရစဉ်။ MOI

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးက နွံကန်မှာ မေလ ၂၅ ရက်နေ့ မနက်ပိုင်းက မြေစာပုံပြိုကျတာကြောင့် ရေမဆေး‌ကျောက်ရှာသူနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားသူနှစ်ဦးဟာ မှော်လကင်ရွာမှာ နေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် ကိုသာထွန်းနဲ့ အသက် ၄၀ အရွယ် အမည်မသိရသေးတဲ့ အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဆယ်ပေကျော်အထိ မြေစာတွေ ဖုံးလွှမ်းသွားတာကြောင့် နှစ်ဦးစလုံး အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသွားတာလို့ အမည်မဖော်လိုတဲ့ ဖားကန့်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"နွံကန်တွေက မိုးတွင်းဆိုတော့ ပြိုတာပေါ့နော်။ သူတို့ကလည်း တစ်ပိုင်တစ်နိုင် တူးနေကြတဲ့လူတွေပါ။ အခန့်မသင့်ဖြစ်သွားတာလို့ ပြောလို့ရတယ်။ သူတို့အလောင်းတွေရဖို့ တော်တော်လေးကို ရှာလိုက်ရတယ်။ တစ်ဦးဆို ပိုင်ရှင်မဲ့တောင်ဖြစ်နေတယ်။ မိသားစုလည်း ဆက်သွယ်လို့မရဘူး"

သေဆုံးသွားသူနှစ်ဦးကို လူမှုကူညီရေးကားတွေနဲ့ ဖားကန့်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

အလုပ်အကိုင် ရှားပါးလာတာကြောင့် နိုင်ငံတစ်ဝန်းက ပြည်သူအများအပြား ကျောက်လုပ်ငန်းလုပ်ကိုင်ဖို့ ဖားကန့်မြို့ကို နေ့စဉ်ဝင်ရောက်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ဖားကန့်မြို့နယ်မှာ လက်ရှိ ရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းနီးပါးရှိနေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org