ကျောက်ကြီးမှာ မြေမြှုပ်မိုင်းကြောင့် စစ်ဘေးဒုက္ခသည် ခြောက်ဦး ဒဏ်ရာရ

ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ဘေးဒုက္ခသည် ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ (KNU)က ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသူများကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်က KNU မှထုတ်ပြန်ထားစဥ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ဘေးဒုက္ခသည် ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU)က ဧပြီလ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီလ ၈ ရက်ကနေ ၂၄ ရက်အထိ သုံးပတ်ကျော်အတွင်း ကျောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ ရွာခြောက်ရွာက အသက် ၁၉ နှစ်ကနေ ၅၆ နှစ်အရွယ်ရှိ စစ်ဘေးဒုက္ခသည် အမျိုးသား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရာကနေ သူတို့ရဲ့ စားနပ်ရိက္ခာတွေ ရွာထဲပြန်ယူတာနဲ့ ကျွဲ၊ နွားတွေကို ပြန်ရှာချိန်တွေမှာ မြေမြှုပ်မိုင်း နင်းမိခဲ့တာလို့ ဆိုပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာတော့ ရေလဲ (ကရင်) ရွာသား အသက် ၃၈ နှစ်အရွယ် စောတာစီနဲ့ နိုကလော်ရွာသား အသက် ၂၇ နှစ်အရွယ် စော်ဆဲနေကော်တို့ ရိက္ခာပြန်ယူတဲ့အချိန် မိုင်းနင်းမိလို့ ဒဏ်ရာရခဲ့ပါတယ်။

ဧပြီလ ၁၁ ရက်နေ့ကလည်း ရေလဲ (ဗမာ) ရွာက အသက် ၄၈ နှစ်အရွယ် ဦးဇော်မင်းထွေးဟာ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေရာကနေ ရွာထဲကိုပြန်ဝင်ပြီး ပစ္စည်းတွေ ပြန်သယ်ချိန် မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ခဲ့ပါတယ်။

ကျောက်ကြီးမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူ တစ်ဦးကတော့ စစ်ကောင်စီတပ်က ရွာတွေထဲ ဝင်ရောက်စီနင်းချိန် အရပ်သားနေအိမ်တွေထဲက ဗုံးခိုကျင်းတွေထဲမှာပါ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တာလို့ ပြောပါတယ်။

“ရွာထဲက နေအိမ်တွေထဲက ဗုံးခိုကျင်းတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့တာရှိတယ်။ ရွာသားတွေက နေရပ်စွန့်ခွာ ထွက်ပြေးရင် ဗုံးခိုကျင်းထဲမှာပဲ ပစ္စည်းတွေ စုပုံထားခဲ့တာ။ အဲဒါကိုပြန်ယူတော့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရာတွေပါ”

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကျောက်ကြီးမြို့နယ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ မတ်လအထိ တိုက်ပွဲတွေကြောင့် ဒေသခံ ခြောက်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုက အခုအချိန်အထိ နေရပ်မပြန်နိုင်သေးကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org