ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းကြောင့် ရှစ်ဦးဒဏ်ရာရ
ရှမ်းမြောက်ဒေသ မူဆယ်၊ သီပေါနဲ့ လားရှိုးမြို့နယ်တွေမှာ ဇန်နဝါရီ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ တစ်ပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားရှစ်ဦး ဒဏ်ရာရပြီး တချို့ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ပါတယ်။
-
RFA Burmese
2024-01-26 -
-
-
ရှမ်းမြောက်ဒေသ မူဆယ်၊ သီပေါနဲ့ လားရှိုးမြို့နယ်တွေမှာ ဇန်နဝါရီ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ တစ်ပတ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားရှစ်ဦး ဒဏ်ရာရပြီး တချို့ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
လားရှိုးမြို့နယ် တောင်နောက်ရွာအနီးမှာ ဇန်နဝါရီလ ၂၆ ရက်မနက်ပိုင်းက ခရီးသည်တင် ကားတစ်စီး မိုင်းနင်းမိတာကြောင့် ယာဉ်မောင်းဖြစ်သူရဲ့ ခြေထောက်မှာ ဒဏ်ရာ အပြင်းအထန်ရရှိပြီး လားရှိုးဆေးရုံကို ပို့လိုက်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“လားရှိုး-နမ္မတူလမ်းက တံတားပျက်နေတော့ ကွင်းလမ်း (တောလမ်း) တွေကနေ သွားရတာ။ ဒီမနက် ကားဆရာတစ်ယောက် ကွင်းလမ်းကနေ နမ္မတူဘက်သွားတော့ မိုင်းထိသွားတာ။ ခြေထောက် ပြတ်သွားတယ်”
အခုလ ၂၄ ရက် ညနေပိုင်းကလည်း လားရှိုးမြို့နယ် နမ့်တွန်း ကျေးဇူးတော်ရွာက အမျိုးသမီးငါးဦး ထင်းခွေသွားရင်း မိုင်းနင်းမိတာကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။
“နမ့်တွန်းရွာက သားအမိနှစ်ယောက်နဲ့ ဘေးအိမ်က မိန်းကလေးသုံးယောက်၊ အဲဒါ အမေကမိုင်းနင်းမိတာ ခြေထောက်ပြတ်သွားတယ်။ မျက်နှာမှာလည်း ထိတယ်။ ကလေးတွေလည်း ခန္ဓာကိုယ်မှာ ထိသွားတယ်”
ဒဏ်ရာရသူတွေကို လားရှိုးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။
သီပေါမြို့နယ် တုံစင့်ကျေးရွာအနီးမှာလည်း အခုလ ၂၃ ရက် ညနေပိုင်းက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်မိပြီး ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အခုလ ၂၂ ရက်နေ့ကတော့ သီပေါမြို့ နယ် မိုးတေကျေးရွာ တံတားအနီးမှာ အိမ်စီးကားတစ်စင်း မိုင်းနင်မိပြီး ယဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
မူဆယ်မြို့နယ် မန်မိုင်ကျေးရွာအနီးမှာလည်း အခုလ ၂၁ ရက်နေ့က မိုင်းနင်းမိလို့ အမျိုးသားတစ်ဦး ခြေထောက်ဖြတ်လိုက်ရတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
“မန်မိုင်ရွာက မူဆယ်မြို့ကနေ ၁၀၅ မိုင်ဘက်အထွက်မှာ ရှိတာ။ အဲဒီကောင်လေးက တောထဲသွားရင်း နင်းမိတာဗျ။ ခြေထောက်တစ်ဖက်တော့ ဖြတ်လိုက်ရတယ်”
ရှမ်းမြောက်ဒေသ နမ့်ဆန်မြို့မှာလည်း မိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်အပေါ် အခြေခံပြီး RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဇန်နဝါရီ ၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ သုံးပတ်ကျော်အတွင်း လားရှိုး၊ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ မန်တုံနဲ့ ကိုးကန့်ဒေသမှာ အမျိုးသမီး ငါးဦးအပါအဝင် စုစုပေါင်း လူနှစ်ဆယ်ခန့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လားရှိုး၊ သီပေါနဲ့ မူဆယ်မြို့တွေမှာ ထိခိုက်မှု အများဆုံးဖြစ်ပြီး ဒဏ်ရာရသူ အားလုံးနီးပါးဟာ ခြေထောက် တစ်ဖက် ဒါမှမဟုတ် တချို့ ခြေနှစ်ဖက်လုံး ဆုံးရှုံးခဲ့ပါတယ်။
အရပ်သားတွေ မိုင်းနင်းမိတဲ့နေရာတွေဟာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ နေရာတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။