သီပေါနဲ့ လားရှိုးမှာ မြေမြှုပ်မိုင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

သီပေါနဲ့ လားရှိုးမြို့တွေမှာ မြေမြှုပ်မိုင်းကြောင့် လူငယ်အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ခြေထောက်ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သီပေါမြို့နယ်အတွင်း မိုင်းကြောင့် သေဆုံးသွားသူကို ပရဟိတအဖွဲ့ဝင်များမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်နေ့က သွားရောက်သယ်ဆောင်နေသည်ကို တွေ့ရစဥ်။ Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနဲ့ လားရှိုးမြို့တွေမှာ ဇန်နဝါရီလ ၉ ရက်နဲ့ ၁၀ ရက်က မြေမြှုပ်မိုင်းကြောင့် လူငယ်အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ခြေထောက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက် နေ့လယ်ပိုင်းက သီပေါမြို့နယ် မန်ကောင်းရွာအနီးမှာ အသက် ၁၈ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ သီပေါမြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“သူက အဲဒီလမ်းကနေ ဖြတ်ပြီးတော့ ဆိုင်ကယ်ပြင်ထားတာ သွားယူရင်းနဲ့ နင်းမိသွားတာ။ ရင်ဘတ်နဲ့ လည်ပင်းမှာ ထိသွားတာဆိုတော့ နေရာမှာပဲ သေဆုံးသွားတယ်”

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း သီပေါမြို့နယ် မန်ကောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့အကြား တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လားရှိုးမြို့နယ်အတွင်းမှာတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက် ဖြတ်လိုက်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“သူက ရပ်ကွက် (၉) နားက ပညာရေး (၈) တပ်အနီးအနားမှာ ဖြစ်တာ။ ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရတယ်”

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်ဒေသမှာ မိုင်းနဲ့လက်နက်ကြီးကြောင့် အရပ်သားထိခိုက်မှု ပိုများလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်ကလည်း နမ့်ဆန်မြို့နယ် ဇယန်းကြီးရွာမှာ လက်နက်ကြီး အကြွင်းအကျန်ပစ္စည်းတွေကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးငယ်သုံးဦး သေဆုံးခဲ့ပါတယ်။

မိုင်းကြောင့် အရပ်သား ထိခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကရော မြောက်ပိုင်းညီနောင်အဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

RFA ကကောက်ယူထားတဲ့ စာရင်းတွေအရ ဇန်နဝါရီတစ်လအတွင်း ရှမ်းမြောက်ဒေသ နမ့်ခမ်းမြို့မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး လားရှိုး၊ သီပေါ၊ နမ့်ဆန်၊ မူဆယ်၊ မန်တုံ၊ နမ္မတူနဲ့ ကိုးကန့်ဒေသအတွင်းမှာတော့ အမျိုးသမီးငါးဦးနဲ့ အမျိုးသား ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ မူဆယ်မြို့နယ်က ခြောက်ဦး၊ လားရှိုးမြို့နယ်က ငါးဦး၊ သီပေါမြို့နယ်က ငါးဦး၊ ကိုးကန့်ဒေသက သုံးဦး၊ နမ်ဆန်၊ နမ္မတူ၊ မန်တုံမြို့နယ်တွေက တစ်ဦးစီ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org