TNLA နယ်မြေမှာ မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းကြောင့် ငါးဦးသေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်နယ်မြေထဲမှာ မေလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦးသေဆုံးခဲ့ကြောင်း TNLA က မေလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း TNLA ထိန်းချုပ်နယ်မြေထဲတွင် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများ ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ခဲ့သည်ကို တွေ့ရစဉ်။ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်နယ်မြေထဲမှာ မေလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်ကျန်ပစ္စည်းပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦးသေဆုံးပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က မေလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာက ဒေသခံ ကလေးငါးဦးဟာ မေလ ၁၂ ရက်နေ့က မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို ကောက်ယူဆော့ကစားရာကနေ ပေါက်ကွဲပြီး တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

မေလ ၆ ရက်နေ့ကလည်း သိန္နီမြို့နယ် ကောင်းဟော်ရွာက အမျိုးသား နှစ်ဦး ကက်သလစ်ဘုရားကျောင်းမှာ သန့်ရှင်းရေးလုပ်နေချိန် မိုင်းနင်းမိတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

လားရှိုးမြို့နယ် မိုင်းကျက်ရွာမှာလည်း မေလ ၂ ရက်နေ့က ကိုရင်တစ်ပါးနဲ့ အမျိုးသားတစ်ဦး ရွာထဲ လှည်းနဲ့အုပ်သယ်နေချိန် မိုင်းနင်းမိပေါက်ကွဲလို့ နှစ်ဦးလုံးသေဆုံးခဲ့ပါတယ်။

အလားတူ မီးသွေးဖုတ်ဖို့သွားတဲ့ မယ်ဟန်ရွာက ရွာသားတစ်ဦးလည်း မိုင်းနင်းမိပြီးသေဆုံးနေတာကို မေလ ၉ ရက်နေ့က တွေ့ရတယ်လို့ TNLA က ဆိုပါတယ်။

မေလ ၁ ရက်နေ့ကလည်း မန်တုံမြို့နယ် မန်စပ်ရွာသား နှစ်ဦး ငါးမိုင်းထောင်ဖို့သွားချိန် ယူဆောင်လာတဲ့ မိုင်းပေါက်ကွဲပြီး ဒဏ်ရာအပြင်းအထန်ရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org